ထိုင်းနိုင်ငံတွင် လူသိများကျော်ကြားသော ရဲအရာရှိလည်းဖြစ် ဆရာဝန်မလည်းဖြစ်သူ အန်ချူလီ သီရာဝန်ပိုင်ဆယ်ကို တရားမဝင် တားမြစ်ဆေးဖြစ်သော မုဒိမ်းကျင့်ရာတွင် အိပ်ဆေးအဖြစ်သုံးသော ဆေးများ ဖြန့်ဖြူးရောင်းချမှုဖြင့် ဇွန် ၁၀ ရက်နေ့တွင် ဖမ်းဆီး လိုက်သည်။

Dr. Air ဟုအများခေါ်ဆိုကြသော ဒုရဲမှူးအဆင့်ရှိ ၄၆ နှစ်အရွယ် သီရာဝန်ပိုင်ဆယ်သည် ထိုင်းရဲတပ်ဖွဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးပြီး date rape drugs ဟုခေါ်သော ဆရာဝန်ခွင့်ပြုချက်ဖြင့်သာ ဝယ်နိုင်သည့် အဆင့် (၂)နှင့် (၄) သတ်မှတ် ဆေးဝါးများကို အများအပြား လိမ်လည်ဝယ်ယူပြီး ပြန်လည်ဖြန့်ဖြူးကြောင်း စုံစမ်းသိရှိရ သဖြင့် အပေါင်းအပါ ၆ ဦးနှင့်အတူ ဖမ်း၀ရမ်းထုတ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းစုံစမ်းမှုကို ထိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ စတင် စုံစမ်းခဲ့ကာ သီရာဝန်သည် Flunitrazepam၊ Alprazolam၊ Zolpidem tartrate၊ Flunitrazepam၊ Clonazepam နှင့် Clorazepate ဆေးဝါးများကို အလုံးပေါင်း ၁၇၀၄၀၀ လုံးအထိ အလုံးအရင်းဝယ်ယူခဲ့သည်အား သိရှိရပြီးနောက် မူးယစ်ဆေးဝါး နှိမ်နင်းရေး ကွပ်ကဲမှုအဖွဲ့ထံ အမှုကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ဆရာဝန်ဆေးညွှန်းမပါဘဲ ရောင်းချခွင့်မရှိသော မုဒိမ်းကျင့်မှုများတွင် သုံးစွဲလေ့ရှိသည့် ဆေးများကို ၂၀၂၂ ခုနှစ်တွင် ဘတ် ၁ သန်းဖိုး၊ ၂၀၂၃ ခုနှစ်တွင် ဘတ် ၄ သန်းဖိုး၊ ၂၀၂၄ ခုနှစ်တွင် ဘတ် ၁၁ သန်းဖိုး၊ ၂၀၂၅ ခုနှစ်အတွင်း ဘတ် ၇ သန်းနှင့် ၈ သန်းကြားဖိုး ဝယ်ယူခဲ့ရာ၌ ၁၉၉၈ ခုနှစ်နောက်ပိုင်း သေဆုံးခဲ့ပြီးသူပေါင်း ၃၇၀ အမည်ကို အသုံးချပြီး ဆေးညွှန်းထုတ် ဝယ်ယူကာ အဆိုပါ ဆေးများကို အပေါင်းအပါ ၆ ဦးက ထိုင်းခရိုင်အသီးသီး၌ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းဖြင့် ငွေကြေးစီးဆင်းမှု ဘတ် သန်း ၈၀ ဝန်းကျင်အထိ ရှိစေခဲ့ကြောင်း၊ ထိုင်း ရဲတပ်ဖွဲ့ ဆေးရုံကြီးတွင် ကလေးငယ်နှင့်ဆယ်ကျော်သက် စိတ်ကျန်းမာရေးအထူးကုအဖြစ် တာဝန်ထမ်းသူဖြစ်သော်လည်း ယခုလို ဆရာဝန်ကျင့်ဝတ်ကိုဖောက်ဖျက်ကာ စီးပွားရှာခြင်းကြောင့် ဖမ်း၀ရမ်းထုတ်ပြီး ဖမ်းဆီးခဲ့ရခြင်း ဖြစ်ကြောင်း ရတ်ချာဒါ ရာဇဝတ်တရားရုံးက ထုတ်ပြန်ကာ ဇွန် ၁၁ ရက်တွင် ယမန်ဆက်ယူပြီး အမှုကို ဆက်လက်စုံစမ်းအရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
Ref: Khaosod


Leave a Reply