စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ပစ်ချခံခဲ့ရသည့် တိုက်ခိုက်ရေးလေယာဉ်သည် ဗိုလ်ကြီး နေမင်းကျော် မကွေးလေတပ် အုပ်(၆၁) F-7 အမျိုးအစားဖြစ်ကြောင်း လေတပ် CDM တဦးက အတည်ပြုသည်။

“သူက အဲ့လေယာဉ်နဲ့လေ့ကျင့်ထားလို့ တခြားလေယာဉ်မောင်းမယ်ဆိုသင်တန်းထပ်တက်ရတယ်” ဟု လေတပ် CDM က ပြောသည်။

လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်မှူး သေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ထုတ်ပြန်ထားသည်။ ပျက်ကျခဲ့သည့်လေယာဥ် မောင်းသည့် DSA အပတ်စဉ်(၅၆)ဆင်း ကိုယ်ပိုင်အမှတ် (၄၀၅၅) ဗိုလ်ကြီးနေမင်းကျော်သည် သေဆုံးချိန်တွင် အသက် ၃၁ နှစ် ရှိကြောင်း သိရသည်။

ထို လေယာဉ်သည် လေယာဉ်မှူး တဦးမောင်းရသည့် F7တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံသို့ အစောဆုံးရောက်ရှိသည့် ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်ဖြစ်ကြောင်း အခြားလက်နက်ကျွမ်းကျင်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။

“အဲ့ကောင်တွေက အရမ်းအိုနေပြီ။ ဒီကောင်တွေက မြန်မာ့လေတပ်မှာ ပထမဆုံး အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်တွေ၊ ပြီးတော့ မြန်မာ့လေတပ်မှာ မိုးပြာရောင်မဟုတ်ဘဲ စစ်ရောင်နဲ့ လေယာဉ်က A5 နဲ့ F7 ပဲ ကျန်တာ။ ဒီကောင်တွေက အရမ်းအိုဟောင်းနေပြီဖြစ်တဲ့အတွက် ပွိုင့်ဖိုက်နဲ့ ပစ်ရင်ထိနိုင်တယ်” ဟု လက်နက်ကျွမ်းကျင်သူတဦးက ပြောသည်။

F7 တိုက်လေယာဉ်ကို မြန်မာ့လေတပ်သို့ ၁၉၉၀ ဝန်းကျင် ခုနှစ်ခန့်တွင် ရောက်ရှိပြီး လက်ရှိတွင် ပြတိုက်နှင့် အချို့လေတပ်စခန်းများရှေ့တွင် ရပ်ထားသည်က များကြောင်း လေတပ် CDM ကလည်း ပြောသည်။

“တော်တော်များများက စစ်သမိုင်းပြတိုက်ပို့နေပြီ။ တချို့က လေတပ်စခန်းတွေရှေ့မှာ လေယာဉ်အရုပ်အဖြစ်ထားနေပြီ။ အကောင်းဆုံး သုံးရတာလေးတွေကို ရသလောက်သုံးနေတာပေါ့။ လက်ရှိသုံးနေတာတွေကတော့နောက်မှထပ်ရောက်တာတို့ ပြန်ပြင်ဆင်ထားတာတွေပေါ့” ဟု လေတပ် CDM တဦးက ပြောသည်။

ယခုပျက်ကျသည့် လေယာဉ်သည် အရောင်အရ တရုတ်ထုတ်ဖြစ်နိုင်ကြောင်း စစ်လက်နက်များအကြောင်းကို ရေးသားဖော်ပြနေသည့် Tactical Raptor 2.0 က ပြောသည်။

ယမန်နေ့(ဇွန် ၁၀ ရက်) မွန်းလွဲ ၁၂ နာ၇ီ ၁၅ မိနစ်တွင် ပုလဲမြို့နယ် ကန်ဒေါင့်ရွာ နှင့် ဇီးဖြူကုန်း ပျူစခန်းသိမ်းတိုက်ပွဲကို လေကြောင်းပစ်ကူလာသည့် ဂျက်ဖိုက်တာတစီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း PLA နှင့် ပုလဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ လေ့ကျင့်ပျံသန်းနေစဉ် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းဖြစ်ကြောင်း ဆိုထားသည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ Mi35p၊ MI-17၊ Eurocopter 365၊ K8၊ FTC200G ရဟတ်ယာဉ်နှင့် တိုက်လေယာဉ် ကိုးစီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ယခုတိုက်လေယာဉ်သည် ၁၀ စီးမြောက် ဖျက်ဆီးနိုင်သည့် လေယာဉ်ဖြစ်သည်။

ပုလဲမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့် လေယာဉ်ပျက်ကျမှုတို့ကြောင့် လေကြောင်းအန္တရာယ်စိုးရိမ်ရသဖြင့် ကျေးရွာပေါင်း ၂၀ ထက်မနည်းမှ ဒေသခံသောင်းဂဏန်းနီးပါ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ပုလဲမြို့နယ် ပအဖ ထံမှ သိရသည်။

ဓာတ်ပုံ- ပုလဲမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့၌ PLA က ပစ်ချခဲ့သည့် စစ်ကောင်စီ၏ တိုက်လေယာဉ်အပိုင်းအစများ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *