ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်း ထန်နေပြီး AA ရှိရာနေရာများသို့ လက်နက်ကြီးဖြင့် မနားတမ်းပစ်ခတ်နေကြောင်း ဒေသတွင်း စစ်ရေး သတင်းအရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။

“ဒီ တရက်နှစ်ရက် တိုက်ပွဲတော်တော်ပြင်းထန်တယ်။ AA ကလည်း ကမ်းခြေဘက်ကပတ်ပြီး OGT နားက ခမရ (၅၄၃)၊ ခမရ(၅၄၂)ဘက်ကိုဝင်တယ်လို့ စစ်ကောင်စီတပ်ကကြားလို့ဖြစ်မယ် တပ်ရင်းတွေရှိတဲ့ တောင်ပေါ်ကနေ နာရီဝက်ခြားတခါ ပစ်နေတာ” ဟု ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်တဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ကျောက်ဖြူမြို့သို့ ရေတပ်သင်္ဘောများဖြင့်ရောက်ရှိလာသော စစ် သားနှင့် ရဲအင် အား ၂၀၀ အထက်နှင့် လက်နက်ခဲယမ်းများကို ရဲတပ်ရင်း(၃၂)၊ ခမရ(၅၄၃)နှင့် ခမရ (၅၄၂)သို့ တပ် ဖြန့်ခွဲပို့ခဲ့ကြောင်း ၎င်းကဆိုသည်။

မလကျွန်းအနီးရှိ သဘာဝဓာတ်ငွေ့သန့်စင်စက်ရုံ (OGT)တွင်လည်း စစ်ကောင်စီတပ်သားများက အကာ ကွယ်ယူခိုလှုံနေခြင်းကြောင့် အာရက္ခတပ်တော်က ဝိုင်းထားကြောင်း AA နှင့်နီးစပ်သူတဦးက ပြောသည်။

“တိုက်ပွဲမှာ စစ်ကောင်စီဘက်က နေ့တိုင်းလိုလိုသေတာတွေရှိတယ်။ သေတာများတယ်။ OGT မှာရှိတဲ့ ထိပ်ပိုင်းအင်ဂျင်နီယာတွေကတော့ လေယာဉ်နဲ့ပြန်ကြတယ်လို့ သိရတယ်။ ဒါပေမယ့် တရုတ်စစ်သား တွေက ကုမ္ပဏီလုံခြုံရေးအတွက် အဲဒီအထဲမှာရှိနေတယ်။ ဒီဘက်ကဝိုင်းထားတာပေါ့။

အပေါ်က အမိန့် ပေးရင် AA က အထဲဝင်တိုက်မှာပေါ့လေ။ ဝင်တိုက်ရင် တရုတ်စစ်သားတွေ အကျ အဆုံးရှိလာမယ်။ ဂက်စ်ပိုက်လိုင်းထိခိုက်မှာပေါ့။ အခုဆို ရဲတပ်ရင်း(၃၂)က ကာကင်းတွေမရှိတော့ဘူး။ သူတို့(စစ်ကောင်စီ) ဘက်ကတော့ AA ရှိတဲ့နေရာတွေကို လိုက်တိုက်နေတာ”ဟု ၎င်းကပြော သည်။

လက်ရှိတွင် ဓညဝတီရေတပ်ဌာနချုပ်သို့သွားသည့် သစ်ပုတ်တောင်လမ်းခွဲ ဇင်ချောင်းနှင့် ကပ်သ ပြေ ကျေးရွာအနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများသာမက လေ ကြောင်းမှလည်း မကြာခဏ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

“လက်နက်ကြီးနဲ့ပစ်တာ၊ မလကျွန်နားမှာ အရပ်သား တယောက်၊ နှစ်ယောက် သေတယ်ကြားတယ်။ မနေ့က ညနေ ၄ နာရီလောက်ကလည်း လမ်းခွဲနား လေယာဉ်နဲ့ဗုံးလာချသွားတယ်”ဟု ကျောက်ဖြူမြို့ခံ တဦးကပြောသည်။

စစ်ရေးသတင်းရင်းမြစ်များ၏အဆိုအရ ကျောက်ဖြူမြို့သို့ ယခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်ကူများ ပို့ဆောင်နေသည်မှာ ငါးကြိမ်အထက်ရှိပြီး လေးလအတွင်း စုစုပေါင်းအင်အား ၁,၀၀၀ ကျော်ရှိပြီဖြစ်သည်။

လက်ရှိတွင် အာရက္ခတပ်တော် AA သည် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ မင်းတပ်တောင် စခန်း၊ လိပ် ခမော်ကာ ကင်းစခန်း၊ နှမ်းဖဲတောင် ကာကင်းစခန်းတို့ကို မေလတတိယအပတ်က သိမ်းပိုက်ထားနိုင် သည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ ကျောက်တလုံးဘုရားအနီးရှိ ခမရ (၅၄၂)၊ ဂုံးချွိန်ရွာအနီးရှိ ခမရ (၅၄၃)၊ ခလရ (၃၄)၊ မြို့အနီးရှိ အမှတ်(၃၂) ရဲတပ်ရင်းနှင့် တောင်မော်ကြီး ရေတပ်ဌာနခွဲတို့တည်ရှိသည်။

အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်နယ်တွင်အကြီးဆုံး နပခတိုင်းစစ်ဌာနချုပ်အပါအဝင် မြို့ ၁၄ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စသည့် နောက်ဆုံးလက်ကျန်မြို့သုံးမြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည်။


Leave a Reply

Your email address will not be published. Required fields are marked *