ရန်ကုန်တွင် တိုက်ခန်းငှားခ မြင့်တက်လာသဖြင့် ပေါင်းစပ်ငှားနေမှု တွင်ကျယ်လာ

ရန်ကုန်မြို့မှာ တိုက်ခန်းငှားခတွေ ဆက်တိုက်မြင့်တက်လာတာကြောင့် လူစုပြီး ပေါင်းစပ် ငှားရမ်းနေထိုင်တာတွေ ပိုလုပ်လာကြတယ်လို့ အိမ်ငှားနေထိုင်သူတွေဆီက သိရပါတယ်။

နယ်ကနေ အလုပ်လာလုပ်သူတွေ စုပြီးငှားရမ်းတာအပြင် မိသားစုလိုက် စုပေါင်းနေထိုင်တာတွေ ရှိလာတာလို့ သူတို့က ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတယောက်က “လူနည်းတဲ့ လင်မယားစုံတွဲတွေ ပေါင်းငှားနေကြတာတွေလည်း များလာတယ်။ အခန်းစျေးတွေ အရမ်းမြင့်နေတော့ ရတဲ့ဝင်ငွေနဲ့ ကာမိအောင် လုပ်ရတာ။ ဒီလို စုနေတာကို လက်ခံတဲ့အိမ်ရှင် ရှိသလို လက်မခံတာလည်းရှိတယ်” လို့ ပြောပါတယ်။

လက်ရှိ တိုက်ခန်းငှားခအနေနဲ့ နေရာ၊ အထပ်အမြင့်နဲ့ အခန်းအပြင်အဆင်အပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၂၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ အထိ ပေါက်တယ်လို့ ပွဲစားတွေဆီက သိရပါတယ်။

အဲဒီအခန်းစျေးမှာ အာဏာမသိမ်းခင်အချိန်ကထက် အနည်းဆုံး နှစ်ဆမြင့်တက်သွားတာဖြစ်ပြီး အငှားသက်တမ်းပြည့်တိုင်း စျေးတက်လေ့ရှိတယ်လို့လည်း အိမ်ငှားနေထိုင်သူတချို့က ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က တိုက်ခန်းငှားနေသူတယောက်က “မနှစ်က ပေးရတဲ့လစာထက်ကို အခု ၁၀၀,၀၀၀ တိုးသွားတယ်။ တယောက်တည်းဆို ဘယ်လိုမှ အဆင်မပြေတော့လို့ စုနေမယ့်သူ ခေါ်တင်ထားရတယ်။ ဒီလိုမှမဟုတ်ရင် စျေးသက်သာမယ့်အဆောင် ပြောင်းနေရဖို့ပဲ ရှိတော့တာ” လို့ ပြောပါတယ်။

အဲဒီလို အိမ်ငှားတွေက ကုန်ကျစရိတ်သက်သာအောင် ပေါင်းစပ်နေထိုင်တာတွေ ပိုလုပ်လာသလို မိသားစုနည်းတဲ့ အိမ်ရှင်တချို့ကလည်း အိမ်စရိတ်ရအောင် လူပိုခေါ်တင်တာမျိုးတွေ ရှိလာတယ်လို့ သူတို့က ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *