အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ အာမက်ဒါဘက်မြို့ကနေ လန်ဒန်ကို ဇွန် ၁၂ ရက်က ဦးတည်ထွက်ခွာတဲ့ Air India လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစင်းဟာ ပျံတက်ပြီး မကြာမီမှာ ပျက်ကျသွားတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။

လေယာဉ်အမှုထမ်းတွေအပါအဝင် အိန္ဒိယ နိုင်ငံသား ၁၆၉ ယောက်၊ ဗြိတိန်နိုင်ငံသား ၅၃ ယောက်၊ ပေါ်တူဂီနိုင်ငံသား ၇ ယောက်၊ ကနေဒါနိုင်ငံသား ၁ ယောက် စုစုပေါင်း ၂၄၂ ယောက် လိုက်ပါလာတဲ့ လေယာဉ်ဟာ ပျံတက်ပြီး မကြာမီ လေဆိပ်အနီး လူနေအိမ်ခြေတွေရှိတဲ့နေရာကို ပျက်ကျပြီး မီးလောင်ခဲ့တာကို တွေ့ရပါတယ်။

ပျံသန်းမှုအမှတ်စဉ် AI171 လေယာဉ်ဟာ ပျံတက်ပြီး စက္ကန့်ပိုင်းအကြာ မနက် ၈ နာရီ ၈ မိနစ်၊ ၅၁ စက္ကန့်မှာ နောက်ဆုံးဆက်သွယ်မှုရရှိခဲ့တယ်လို့ Air India က ထုတ်ပြန်ထားပါတယ်။

လူနေအိမ်ခြေတွေရှိတဲ့အပေါ် လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည်တယောက်ပဲ အသက်ရှင်လွတ်မြောက်ပြီး လေယာဉ်ပေါ်ပါလာတဲ့သူ စုစုပေါင်း ၂၄၁ ယောက်အပါအဝင် ၂၉၀ ကျော် သေဆုံးတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံတွင် လေယာဉ်ပျက်ကျပြီးနောက် ရုပ်အလောင်း ၂၀၄ လောင်း တွေ့ရှိခဲ့ကြောင်း အမ်ဟမ်ဒါဘတ်မြို့ ရဲချုပ်က ပြော

(အသက်ရှင်လွှတ်မြောက်သူ တစ်ဦးရှိဟုဆို)

အိန္ဒိယနိုင်ငံမှာ ကြာသပတေးနေ့က ပျက်ကျသွားခဲ့တဲ့ လေယာဉ်ပျက်ကျတဲ့နေရာက သေဆုံးသူ ရုပ်အလောင်း ၂၀၄ လောင်းကို ရှာဖွေတွေ့ရှိထားပြီဖြစ်တယ်လို့ အမ်ဟမ်ဒါဘတ်မြို့ (Ahmedabad) ရဲမင်းကြီးက ပြောပါတယ်။

“အလောင်း ၂၀၄ လောင်းကို ကျွန်တော်တို့ တွေ့ရှိထားပါတယ်” လို့ ရဲမင်းကြီး GS Malik က AFP ကို ပြောကြားပါတယ်။

သေဆုံးသူတွေအထဲမှာ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့တဲ့ လူတွေနဲ့ လေယာဉ်ပျက်ကျသွားခဲ့တဲ့ အဆောက်အအုံထဲမှ ရှိနေသူတွေ ပါဝင်တယ်လို့ဆိုပါတယ်။

ဒဏ်ရာရရှိသူ ၄၁ ဦးကို ကုသမှု ခံယူနေရကြောင်း ရဲမင်းကြီး GS Malik က ပြောကြားပါတယ်။

အဲဒီ လေယာဉ်ပေါ်မှာ ခရီးသည် လူ ၂၃၀ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၁၂ ဦး လိုက်ပါလာခဲ့ပါတယ်။ လိုက်ပါလာသူတွေ ခရီးသည်တွေ အထဲမှာ ကလေး ၁၁ ဦးတို့ ပါဝင်ပြီး အိန္ဒိယ နိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ပေါ်တူဂီ ၇ ဦးနဲ့ ကနေဒါနိုင်ငံသား ၁ ဦးတို့ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

လူပေါင်း ၂၄၂ ဦး တင်ဆောင်လာတဲ့ ဘိုးရင်း 787 – 8 ဒရင်းလိုင်နာ လေယာဉ်ကြီးဟာ ဇွန် ၁၂ ရက် နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်မှာ အိန္ဒိယအနောက်ပိုင်း အမ်ဟမ်ဒါဘတ်မြို့ လေဆိပ်ကနေ လန်ဒန်မြို့ ဂက်ဝစ် (Gatwick) လေဆိပ်ကို စတင်ပျံသန်းစဉ်မှာ မိနစ်ပိုင်းအတွင်းမှာဘဲ ပျက်ကျခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်သူ ခရီးသည် တယောက် ရှိပြီး ဗြိတိန်နိုင်ငံသား Ramesh Vishwakumar ဖြစ်တယ်လို့ Times of Indiaမှာ ဓာတ်ပုံနဲ့ တကွ ဖော်ပြထားပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး အခုအချိန်ထိ လေယာဉ်ပျက်ကျမှုရဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်ကာ နောက်ထပ်တွေ့ရှိမှုတွေကို အစောဆုံး မျှဝေပေးသွားမယ်လို့ ရဲမင်းကြီး GS Malik က ပြောပါတယ်။

Source: The Dhaka Tribune and Times of India

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *