ဧရာဝတီ ငသိုင်းချောင်းအမြောက်တပ် (၃၄၄)ကို AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်နေပြီဟုဆို

ဧရာဝတီ၊ ရေကြည်မြို့နယ်၊ငသိုင်းချောင်းနှင့်၁၀မိုင်ခန့်သာဝေးသည့် အမြောက်တပ် (၃၄၄)ကို ဇွန်လ ၁၁ရက်ညကနေစပြီး AAဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်နေပြီး (၃၄၄)တပ်ရင်းအထဲအထိ တိုက်ပွဲပြင်းနေသည်ဟု ဂွ စစ်ရှောင် အမျိုးသားတစ်ဦးကနိရဉ္စရာ ကိုပြောသည်။

” ဇွန် ၁၁ ရက် ညက‌နေစတိုက်နေတာ။ဒီနေ့ တပ်အထဲထိရောက်နေပြီ။ PDF နဲ့ AAပူးပေါင်းတိုက်နေတာ။ တိုက်ပွဲက အသားကုန်ပြင်းနေတယ်လို့ပြောလို့ရတယ် ” ဟု ယမန်နေ့က ပြောသည်။

ငသိုင်းချောင်းမြို့အနီးနားထိ လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများကြောင့်မြို့ခံများနှင့် ရခိုင်စစ်ရှောင်အများစုမှာ အသက်လုကာဘေးလွတ်နိုင်မည့်နေရာသို့ တိမ်းရှောင်နေကြပြီဟု စစ်ရှောင်တစ်ဦးက ပြောသည်။

” မြို့ခံတွေနဲ့ ရခိုင်ဖက်က စစ်ရှောင်တွေက ဘေးလွတ်နိုင်မယ့်နေရာတွေကို အသီးသီးပြေးနေကြရတယ်။ မပြေးတဲ့သူတွေလည်းရှိတာပေါ့။ ဘာဖြစ်ဖြစ်ကိုယ့်မြို့မှာနေမယ်ဆိုတဲ့လူတွေကတော့ကျန်သေးတယ်” ဟု ပြောသည်။

အဆိုပါအမှတ် (၃၄၄) တပ်ရင်းအနီးတွင် တိုက်ပွဲဖြစ်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်ကာ လက်ရှိ ကျားကိုက်ရွာကိုတော့ AAကသိမ်းပိုက်ထားပြီးနောက် ဝင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

လက်ရှိတွင် ငသိုင်းချောင်း အမြောက်တပ် ၃၄၄ နှင့် ဆက်သွယ်ရေးပြတ်တောက်နေပြီး သွားလာသူ မရှိ၍ အခြေအနေမှန်ကို သိရှိရန်ခက်ခဲနေသည်ဟု သိရသည်။

လက်ရှိ အမြောက်တပ် ၃၄၄ ကို အာရက္ခတပ်တော်နှင့် ပူးပေါင်း PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး AAအပါအဝင် တော်လှန်ရေး တပ်ဖွဲ့များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

အဆိုပါငသိုင်းချောင်းပတ်ဝန်းကျင်တွင် စစ်ရှောင်နေကြသည့် ရခိုင်မှစစ်ဘေးရှောင်များမှ အမြောက်တပ် ၃၄၄ အနီးတွင် တိုက်ပွဲဖြစ်ပွားလာဖြင့်ထပ်မံစစ်ရှောင်ရရန် အခြေအနေဖြစ်နေသဖြင့် အထူးအခက်အခဲဖြစ်နေကြသည်ဟုစစ်ဘေးရှောင်များကို ကူညီနေသူ ဒေသတွင်းက လူမှုရေးသမား တစ်ဦးက ပြောသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *