မန္တလေးမြို့တွင် လူငယ်တစုအား ရိုက်နှက်နှိပ်စက်သည့် ဗီဒီယိုဖိုင်တွင် ဦးဆောင်သူဟု ယူဆရသည့် ပြည်သူ့စစ်လူငယ်တဦးအား ဖမ်းဆီးအရေးယူရန် စစ်ကောင်စီထောက်ခံသူများက လှုံ့ဆော်နေကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၁ ရက်က လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တွင် ပြည်သူ့စစ်အဖွဲ့ဝင်ဟု ယူဆရသည့် ပြောက်ကျားဦးထုပ်ဆောင်းထားသူ လူငယ်နှစ်ဦးပါဝင်သော အဖွဲ့က မန္တလေးမြို့၊ ၈၀ လမ်း၊ ၃၂-၃၃ ကြား တရုတ်ဘုံကျောင်းရှေ့အပါအဝင် နေရာသုံးနေရာတွင် လူငယ်တစုအား ကန်ကျောက်ရိုက်နှက်နေသည်ကို တွေ့ရသည်။

“လက်ရှိပစ်မှတ်က စစ်ဦးထုပ်ဆောင်းထားတဲ့ ကလေးပါ။ သူတို့ ရဲတွေထဲမှာကိုက အဲ့ကလေးကို လိုက်မေးနေတဲ့သူတွေများနေတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

အသက် ၂၀ ဝန်းကျင်အရွယ် အဆိုပါ ပြည်သူ့စစ်လူငယ်သည် ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးအနောက်မုဒ်ရှိ အမှတ် (၁၀) ရဲစခန်းတွင် နေထိုင်သူဖြစ်ကြောင်း မန္တလေးခိုးဆိုးလုနှိုက်နှိမ်နင်းရေးအဖွဲ့က ဖော်ပြသည်။

၎င်း၏ လုပ်ရပ်သည် ပြည်သူ့စစ်အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု စစ်ကောင်စီထောက်ခံသူများက ဝေဖန်ပြီး စစ်ဆေးအရေးယူရန် တောင်းဆိုနေသည်။

“အခုလက်ရှိ သိရတာက သူက ရဲစခန်းထဲမှာ ပုန်းနေပြီး အပြင်ထွက်မလာရဲပါဘူးတဲ့။ စစ်ကောင်စီထောက်ခံသူတချို့ကလည်း အဲ့ကလေးကို စိန်ခေါ်ပီး တယောက်ချင်း ထိုးမယ်၊ တချို့ကလည်း လမ်းမှာမတွေ့မိစေနဲ့ ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ကြားတယ်။ အခု အဲ့ကလေး ပုံမှန်သုံးနေကျ ဖုန်းတောင် စက်ပိတ်သွားပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။

မန္တလေးမြို့ပေါ်တွင် ပျူစောထီးများ၊ ပြည်သူ့စစ်များသည် ပုံစံမျိုးစုံဖြင့် လှုပ်ရှားနေပြီး၊ ၎င်းတို့အား စစ်ကောင်စီက လက်နက်နှင့် ငွေကြေးဖြင့် ဆွဲဆောင်ကာ အသုံးချနေသည်ဟု မန္တလေးသပိတ်အင်အားစု တာဝန်ရှိသူတဦးက မှတ်ချက်ပြုသည်။

“စစ်အာဏာရှင်ဆိုတာ သူတို့ကိုထောက်ခံတဲ့ပြည်သူတွေကို လမ်းကြောင်းမှန်ပြမပေးဘူး၊ ဦးနှောက်မသုံးခိုင်းဘူး။ ရမ်းကားခိုင်းတယ်။ မထောက်ခံတဲ့သူတွေကို ငွေညှစ်တယ်။ ဒုက္ခပေးတယ် လူ့အသက်ကို သတ်တယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်အတွင်း တိုင်းပြည်အခြေအနေ ယိုယွင်းလာသဖြင့် ပြည်သူများအနေဖြင့် စစ်အာဏာရှင်ပြုတ်ကျရေး ပိုမိုအားထုတ်ရန် မန္တလေးသပိတ်အင်အားစုက တိုက်တွန်းထားသည်။

မန္တလေးမှာ ပျူစောထီးတွေ သောင်းကျန်းနေ

ငလျင်ဒဏ်ကြောင့် လူထောင်နဲ့ချီ သေဆုံးထားရပြီး တစ်မြို့လုံးနီးပါး အကြီးအကျယ် ပျက်စီးနေတဲ့ မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးတင်းကြပ်တဲ့အနေနဲ့ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးစစ်ဆေးမှုတွေရှိနေသလို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အ/ပျူစောထီး အဖွဲ့တွေကလည်း အရပ်သားတွေကို ရိုက်နှက်နှိပ်စက်တာတွေအထိ လုပ်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ယက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တခုမှာ မန္တလေးမြို့က စစ်ကောင်စီသင်တန်းဆင်း ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့တွေက ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို အကြမ်းဖက် ရိုက်နှက်နှိပ်စက်နေတာကို တွေ့ရပါတယ်။

မန္တလေးက နေရာကောင်း ရပ်ကွက်တချို့က ခြံဝန်းကျယ်တွေမှာ ပျူစောထီးတွေက အခိုင်အမာ စခန်းချပြီး လှုပ်ရှားနေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မန္တလေးမြို့ခံတစ်ယောက်ကတော့ လူငယ်တွေ နေ့ခင်းကြောင်တောင် နှိပ်စက်ခံနေရတဲ့ ရုပ်သံဖိုင်ကိုကြည့်ပြီး ဒေါသထွက် ခံပြင်းရတယ်လို့ ပြောပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *