ဘိုမီ ချောင်ဟန်က သူ သိပ်ဒေါသထွက်ရသလို စိတ်လည်း ပင်ပန်းခဲ့ရတယ်လို့ ပြောပါတယ်။ အမ်မာဒါဘတ်လေဆိပ်ကို လာတဲ့လမ်းမှာ ကားတွေက ပြည့်ကျပ်ညပ်နေလို့ လန်ဒန် ဂက်ဝတ် လေဆိပ်ကို သွားမယ့် အဲ အိန္ဒိယလေယာဉ်ကို ၁၀ မိနစ်လောက် သူ နောက်ကျကာ လေယာဉ်ပေါ် မတက်ရဘဲ ကပ်လွဲသွားပါတယ်။

ဗြိတိန်နိုင်ငံ ဘရစ်စတိုးမှာ သူ့ ခင်ပွန်းနဲ့ နေထိုင်ပြီး စီးပွားရေး စီခံခန့်ခွဲမှု ဘာသာရပ်ကို လေ့လာနေတဲ့ အသက် ၂၈ နှစ်အရွယ် မစ္စ ချောင်ဟန်ဟာ အိန္ဒိယအနောက်ပိုင်းကို ရက်အားရက် ခရီးထွက်ခဲ့တာပါ။

ကြာသပတေးနေ့က သူအိမ်ပြန်ဖို့ စီစဉ်ခဲ့တဲ့ AI 171 လေကြောင်းခရီးစဉ် လေယာဉ်က ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျကာ လေယာဉ်ပေါ်က ခရီးသည်ပေါင်း ၂၄၁ ယောက် သေဆုံးခဲ့ရပါတယ်၊ မြေပြင်မှာ ထိခိုက်ပြီး သေဆုံးသူတွေလည်း ရှိပါတယ်။

သူ လေဆိပ်ကိုရောက်တော့ လေယာဉ်လက်မှတ် စစ်ဆေးတဲ့ ကောင်တာက ပိတ်သွားပြီ ဖြစ်ပြီး လေကြောင်းလိုင်း အမှုထမ်းတွေက သူ့ကို ဝင်ခွင့် မပေးတော့ ပါဘူး။

“ကားမောင်းတဲ့ ဒရိုင်ဘာကို ကျွန်မတို့ သိပ်ဒေါသထွက်ခဲ့တယ်၊ လေဆိပ်ကနေ စိတ်ပျက်လက်ပျက် ပြန်လာခဲ့တယ်” လို့ သူက ပြန်ပြောပြပါတယ်။ “ကျွန်မ သိပ်စိတ်ပျက်ခဲ့တယ်။”

“လေဆိပ်က ကျွန်မတို့ ပြန်လာပြီး လဘက်ရည်ဆိုင်ထိုင်ကြတယ်၊ ခရီးသွားလုပ်ငန်း အေးဂျင့်ဆီကနေ လေယာဉ်လက်မှတ်ဖိုး ပြန်ရအောင် ဘယ်လိုလုပ်ကြမလဲ ပြောနေကြတယ်”

“အဲဒီအချိန်မှာ ကျွန်မဆီကို လေယာဉ်ပျက်ကျသွားတယ်ဆိုတဲ့ သတင်းကို ဖုန်းနဲ့ ဆက်ပြောလာကြတယ်။”

“ကျွန်မအတွက်တော့ ကံကြီးလို့ အသက်ရှင်ရတာပါပဲ” လို့ သူက သူကြုံခဲ့ရတာတွေကို ပြောပြပါတယ်။

လေဆိပ်ကို သူ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ မိနစ် ၂၀ မှာ ရောက်တယ်၊ ဒါပေမဲ့ ဒီအချိန်ဟာ လေယာဉ်ပေါ် ခရီးသည်တွေ တက်ခွင့် စတင်ပေးတဲ့ အချိန်ထက် ၁၀ မိနစ်ကျော်သွားပါပြီ။

မြင်လိုက်ရတဲ့ သူ့ရဲ့ ဒစ်ဂျစ်တယ် လေယာဉ်တက် လက်မှတ်မှာတော့ သူ့ ထိုင်ခုံနံပတ်က အီကိုနော်မီ ကလပ်က ၃၆ ဂျီပါ။

အွန်လိုင်းမှာ သူ ဒီလေယာဉ်နဲ့ လိုက်ပါမယ့်အကြောင်း စာရင်းပေး ချက်ကင် လုပ်ထားပြီးဖြစ်ပေမဲ့ လေဆိပ်မှာ လုပ်ရမယ့် တခြား လုပ်ငန်းစဉ်တွေ ရှိသေးတာကြောင့် လေကြောင်းလိုင်း အမှုထမ်းတွေက သူ့ကို လေယာဉ်ပေါ် တက်မယ့်နေရာ ဆီကို သွားခွင့် မပြုတော့ပါဘူး။

သူက အမ်မာဒါဘတ်မြို့ တောင်ဘက် ၁၂၅ မိုင်အကွာက အန်လက်ရှ်ဝါမြို့ကနေ လေဆိပ်ကို လာခဲ့တာဖြစ်ပြီး အမ်မာဒါဘတ် မြို့လယ်မှာ ကားပိတ်တာနဲ့ ကြုံခဲ့ရတာပါ။

“ကျွန်မ လေယာဉ်လည်း လွတ်သွားရော၊ စိတ်ထဲပေါ်လာတာက နည်းနည်းလေး စောထွက်မိရင် ငါ လေယာဉ်ကို မီမှာလို့ နောင်တရ မိတာပါဘဲ” လို့ မစ္စ ချောဟန်က ပြောပါတယ်။

“ကျွန်မက လေကြောင်းလိုင်း ဝန်ထမ်းတွေကို တောင်းပန်ပြီး ကျွန်မ ၁၀ မိနစ်ထဲ နောက်ကျတာပါ၊ လေယာဉ်ပေါ် တက်တဲ့ နေရာကို သွားပါရစေလို့ ပြောပေမဲ့ သူတို့က ကျွန်မကို ခွင့်မပြုပါဘူး။”

ကြာသပတေးနေ့ နေ့လယ်က ပုံမှန် ထွက်ခွာရမယ့် အချိန်အတိုင်း ပျံသန်းထွက်လာခဲ့တဲ့ လေယာဉ်ဟာ စက္ကန့် ၃၀ အတွင်းမှာပဲ ပျက်ကျခဲ့ပါတယ်။

အမြင့်ကို မတက်နိုင်တော့ဘဲ နိမ့်ဆင်းလာတဲ့ လေယာဉ်ဟာ လူနေအိမ်ရာတွေဘက်ကို ဝင်တိုက်ခဲ့ကာ ခရီးသည် ၂၄၁ ယောက်နဲ့ လေယာဉ် အမှုထမ်း ၁၂ ယောက် သေဆုံးခဲ့ရပါတယ်။ မြေပြင်ပေါ်မှာလည်း ထိခိုက်မှုတွေ ရှိခဲ့ပြီး အခုထိ သိရသမျှ လူ ၈ ယောက် သေဆုံးခဲ့ရပါတယ်။

လေယာဉ်ပေါ် ပါလာသူတွေထဲက ဗြိတိန်နိုင်ငံသား ခရီးသည် ဗစ်ရှ်ဝက်ရှ်ကူးမား ရာမီသာ အသက်ရှင်ကျန်ရစ်ပြီး ဆေးရုံမှာ သူ့ဒဏ်ရာတွေကို ကုသ နေရပါတယ်။

လေယာဉ်ပေါ်မှာ အိန္ဒိယ၊ ပေါ်တူဂီ၊ ကနေဒါ နိုင်ငံသားတွေလည်း ပါဝင်ခဲ့ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *