ဧရာဝတီတိုင်း ရေကြည်မြို့နယ် ဂွ-ငသိုင်းချောင်း လမ်းပေါ်ရှိ မြောက်စမ်းအမြောက်တပ် (အမတ ၃၄၄) ကို အာရက္ခ တပ်တော် (AA )နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ အမြောက်တပ်သည် ပုသိမ်-မုံရွာလမ်းနှင့် ဂွ-ငသိုင်းချောင်း လမ်းဆုံအနီး မြောက်စမ်းကျေးရွာတွင်ရှိပြီး ပုသိမ်-မုံရွာ ကားလမ်းမကြီးကို မိုးစိုးထိန်းချုပ်နိုင်ရန်နှင့် ငသိုင်းချောင်း၊ ကျုံပျော်မြို့များအထိ စစ်ရေး ခြိမ်းခြောက်နိုင်သည့် ဗျူဟာမြောက်တပ်ဖြစ်ကာ ပူးပေါင်းတပ်များက ဇွန် ၁၁ ရက်မှစ၍ အပြင်းအထန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
AA နှင့်နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်တဦးက “ကာကင်းတွေကို တိုက်ပြီးတော့ မြောက်စမ်းအမြောက်တပ်ကို ထိုးစစ်ဆင်နေတာ။ ဘောမိစခန်းသိမ်းတုန်းက ရထားတဲ့ သံချပ်ကာကားတွေနဲ့ပါ ကိုယ့်ဘက်က တိုက်နေတယ်” ဟု ပြောသည်။
ယင်းသို့ ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က အမြောက်တပ်မှ လက်နက်ကြီးတချို့အား ကျုံပျော် ခလရ ၃၆ တပ်တွင်း ရွှေ့ပြောင်းမှုများလုပ်ခဲ့သော်လည်း လူအင်အားရာချီနှင့် လက်နက်ကြီးများရှိနေသေးသလို အင်္ဂတေဘန်ကာများအခိုင်အမာပြုလုပ်ထားခြင်းနှင့် လေကြောင်းပစ်ကူများကြောင့် အတွင်းပိုင်းထဲသို့ ထိုးစစ်ဆင်ရန် ခက်ခဲကြောင်း ကာကွယ်ရေးရဲဘော်များနှင့်နီးစပ်သည့် ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသားတဦးက “အမြောက်တပ် ၃၄၄ ကို ပို့ထားတဲ့ပစ္စည်းတွေပြန်သယ်ပြီး ကျုံပျော်တပ်ထဲကိုပို့တာ။ ၃၄၄ မှာ လက်နက်အင်အားအများကြီး ကျန်သေးတယ်။ လေယာဥ်နဲ့နေ့တိုင်း ဗုံးလာကြဲနေတော့ ခေါင်းတောင် မဖော်ရဲဘူး”ဟု ပြောသည်။
AA သည်ပြီးခဲ့သော ၂၀၂၄ နှစ်ကုန်းပိုင်း၌ ဧရာဝတီတိုင်းနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ဂွမြို့ကို သိမ်းပိုက်ပြီးနောက် ၂၀၂၅ နှစ်အစပိုင်း၌ ပုသိမ်ခရိုင် ၊ ရွှေသောင်ယံ ဘောမိဒေသကို ဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ကာ ဧရာဝတီတိုင်းအတွင်း စစ်မျက်နှာ ၃ ခုဖွင့်၍ ထိုးဖောက်ခဲ့သည်။
AA သည် ယခုနှစ်ဖေဖော်ဝါရီလကတည်းက ဂွ-ငသိုင်းချောင်း ကားလမ်းအတိုင်း ငသိုင်းချောင်း၊ မြောက်စမ်း အခြေစိုက် အမတ ၃၄၄ သို့ ဦးတည်သောစစ်မျက်နှာ၊ ပုသိမ်-မုံရွာလမ်းနှင့် ရခိုင်ရိုးမကြား လေးမျက်နှာ ၊ အင်္ဂပူစစ်မျက်နှာနှင့် သာပေါင်းမြို့နယ် စစ်မျက်နှာများသို့ ထိုးဖောက်ခဲ့ရာ မြောက်စမ်းအမြောက်တပ် ကာကင်းများ၊ အမြောက်တပ်နှင့် ဆက်စပ်သည့် ပုသိမ်-မုံရွာကားလမ်းဘေး ကျေးရွာများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
CDM ဗိုလ်ကြီး ဇင်ယော်က “မြောက်စမ်းအမြောက်တပ်ကို ဒီတခါတိုက်တာမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေ ဘက်က လက်နက်ကြီးတွေပါ ပါပြီး အထိုင်ချပြီးတော့ ပစ်တယ်။ စက်စက်ယိုရွာအထိ ကာကွယ်ရေးအင်အားစုတွေ ထိန်းထားနိုင်ပေမယ့် နဂါးရစ်တောင်ပေါ် ဓမ္မပါလစေတီမှာရှိတဲ့ အဖွဲ့တွေက နည်းနည်း အင်အားများတယ်။ နဂါးရစ်တောင် ကျောပေါ်မှာ စခန်းရှိနေသးတယ်။ ပြီးရင် ရေကြည်အထွက် ရေနံသာဂိတ် အဲဒီနှစ်ခုကို မပိတ်နိုင်သေးဘူးဆိုရင်တော့ မြောက်စမ်းကို ရဖို့ နည်းနည်းခက်ခဲနိုင်သေးတယ်”ဟု သုံးသပ်သည်။
လက်ရှိတွင် မြောက်စမ်းအမြောက်တပ်မှ စစ်ကောင်စီတပ်များ ဆုတ်ခွာပြီး စခန်းအား AAနှင့် ပူးပေါင်းတပ်တို့ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။
ထိုသို့ မြောက်စမ်းအမြောက်တပ်အား AA သိမ်းပိုက်နိုင်မည်ဆိုပါက ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီပထမဆုံးအကြိမ် လက်လွှတ်ဆုံးရှုံးသည့် တပ်ရင်းဌာနချုပ်စခန်းတခုဖြစ်လာသလို တော်လှန်ရေးအင်အားစုများအနေဖြင့် ပုသိမ်-မုံရွာလမ်းပိုင်းကို ထိန်းချုပ်သွားနိုင်ပြီး ငသိုင်းချောင်း ၊ ကျုံပျော်မြို့များသာမက ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) အထိ စစ်ရေးခြိမ်းခြောက်ရန် အားသာချက်များရှိလာမည်ဖြစ်ကြောင်း CDM အရာရှိများနှင့် စစ်ရေးလေ့လာသူများက ဆိုသည်။


Leave a Reply