စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) စစ်ဆေးရေးဂိတ် (ဗိုလ်ရန် ဂိတ်)အား အခွန်ကောက်ယူမှုနှုန်း များလွန်သဖြင့် ဇွန် ၁၁ ရက်မှစတင်ကာ ယနေ့အချိန်ထိ ကားသမားများနှင့် ဒေသခံများက ဆန္ဒပြနေကြောင်း သိရသည်။

အဆိုပါဗိုလ်ရန်ဂိတ်သည် စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်းပေါ် တည်ရှိပြီး လက်ရှိအချိန်ထိ ဝက်လက်-ရှိမ်းမကားလမ်း၊ ဝက်လက်-ပေါက်ကံလမ်းပိုင်းများတွင် ကားအစီးရေ ရာချီပိတ်ဆို့ကာ ဆန္ဒပြနေကြောင်း၊ ယင်းဂိတ်အား ဖြုတ်ပေးရန်နှင့် အခွန်နှုန်းလျှော့ချပေးရန် တောင်းဆိုထားကြောင်း ဒေသခံများက ဆိုသည်။

“သူတို့က ဆီတပေပါကို ၁ သောင်းခွဲ ကောက်တယ်။ အဲဒီလိုကောက်တာကို ကျမတို့ ပြည်သူတွေက လုံးဝ အဆင်မပြေ၊ သည်းမခံနိုင်တော့လို့ ဆန္ဒပြနေကြတာပါ။ အဲဒီနှုန်းနဲ့ကောက်နေတာ တနှစ်ကျော်သွားပြီ။ ကျမတို့က အခွန်မပေးချင်တာမျိုး မဟုတ်ပါဘူး။ တပေပါကို ၅ ထောင်နှုန်းနဲ့ ကောက်ခံပေးဖို့ တောင်းဆိုနေကြတာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူတဦးက ပြောသည်။

ယင်းဂိတ်၌ ဆီတပေပါ ကျပ် ၁ သောင်းခွဲ ကောက်ခံနေပြီး ကုန်ကားများကို ကုန်ပစ္စည်းပေါ်မူတည်၍ တောင်းခံကြောင်း၊ ခရီးသည်ကားများအား အနည်းဆုံး ကျပ် ၅ ထောင်မှ ၃ သောင်းထိ ကောက်ခံမှုကြောင့် ပြည်သူများ အခက်အခဲဖြစ်နေသ ဖြင့် လျှော့ချပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

ပအဖ ဗိုလ်ရန်ဂိတ်အား အခွန်ကောက်ယူမှု များလွန်သဖြင့် ကားသများနှင့် ဒေသခံများ ဆန္ဒပြ/ ပေးပို့

စက်သုံးဆီတင်ယာဉ်များနှင့် ကုန်တင်ကားများသည် မန္တလေးတိုင်း မြောက်ခြမ်းမြို့နယ်များ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်တွင်းသို့ သွားရောက်နိုင်ရေး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဝက်လက်မြို့နယ်မှ ဗိုလ်ရန်ဂိတ် ကိုဖြတ်ပြီး ဧရာဝတီမြစ်အရှေ့ဘက်သို့ ကူးနေရခြင်းဟု ဒေသခံများက ဆိုသည်။

“အဲဒီနေရာက အဓိကတော့ ဆီလမ်းကြောင်းပါပဲ။ မန္တလေးကနေ အထက်တက်ဖို့ မတ္တရာလမ်းကြောက ပိတ်ထားတော့ စစ်ကိုင်းဘက်ကနေ လှည့်သွားနေရတာ။ ခရိုင်ချင်းဆက် ဗျူဟာလမ်းကနေ မြစ်ကိုဖြတ်ကူးပြီး မန္တလေးတိုင်းဘက်ကို ပြန်ကူးနေကြရတာ။ ကုန်တင်ကားတွေဆိုရင်လည်း ပစ္စည်းများရင်များသလို ကားတစီးကို အနည်းဆုံး ၆/၇ သိန်းကနေ ၁၅ သိန်း၊ သိန်း ၂၀ ထိ တောင်းကြတော့ ကားသမားတွေ မကျေနပ်တော့ဘူး” ဟု ဒေသခံတဦးက ပြောသည်။

ဆန္ဒပြမှုနှင့် ပတ်သက်၍ ပအဖ မြို့နယ်အဆင့်ခေါင်းဆောင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကိုယ်တိုင် မြေပြင်ကွင်း ဆင်း ဖြေရှင်းပေးရန် တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ လာရောက်ဖြေရှင်းပေးခြင်းမျိုး မရှိသေးကြောင်း ဆန္ဒပြရာတွင် ပါဝင်သူတဦးက ပြောသည်။

၎င်းက “ဒီနေရာမှာ ဖြေရှင်းမပေးရင် ကျမတို့ အခွန်ဌာနနဲ့ အထက်အဆင့်ရောက်အောင်တက်မယ်။ ဗိုလ်ရန်အဖြုတ်နဲ့ တပေပါ ၅ ထောင်နှုန်းဆိုရင် ကျမတို့ ပြည်သူအားလုံးက လက်ခံမှာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဒီနေရာမှာပဲ ဆက်လက်တောင်းဆိုတာမျိုးတွေ လုပ်သွားမှာပါ” ဆိုသည်။

ထိုသို့ ဆန္ဒပြခံရမှုနှင့် ပတ်သက်၍ ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်များထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

ပအဖ ဗိုလ်ရန်ဂိတ်အား အခွန်ကောက်ယူမှု များလွန်သဖြင့် ကားသများနှင့် ဒေသခံများ ဆန္ဒပြ/ ပေးပို့

ဝက်လက်မြို့နယ်တွင် အခွန်ကောက်ခံသည့် ဂိတ်နှစ်ဂိတ်ကိုသာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ တရားဝင် ခွင့်ပြု ပေးထားသော်လည်း မြေပြင်၌ အများအပြားရှိနေရာ ဒေသခံများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

“အဓိက ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့၊ ပြည်သူ ကျေနပ်လောက်မယ့် ထိုက်သင့်သလောက်အခွန်မျိုးပဲ ဖြစ်သင့်တာ။ ဝက်လက်နယ်မှာကျ သုံးပေတဂိတ်လို့ ပြောစရာဖြစ်အောင်ထိ၊ လမ်းဘေးဓာတ်တိုင် နှစ်တိုင်ကျော်တဂိတ် ဖြစ်နေကြတာ မျိုးပေါ့။ လိုကယ်အဖွဲ့တွေကပါ အခွန်တက်ကောက်စားနေကြတာမျိုး။ အဲဒီလိုတွေကြောင့် ပြည်သူတွေမှာ အခွန်ဒဏ်ကို ခံကြရပြီး မကျေနပ်ချက်တွေ ဖြစ်ကုန်ကြတာ” ဟု ဝက်လက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ဝက်လက်မြို့နယ်တွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင် ရွှေဘိုခရိုင်မှတပ်ရင်းများ၊ ရွှေဘိုမြို့နယ်အဖွဲ့များ၊ မန္တလေးဘက်မှ UG များ၊ PDF တပ်ဖွဲ့များအပါ တော်လှန်ရေးအင်အားစုများစွာရှိနေပြီး အခွန်အခပြဿနာအပြင် ကိုယ်ကျိုး စီးပွားအရ တပ်ဖွဲ့ဝင်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်မှု စသည်ဖြင့် ပြဿနာများစွာ ဖြစ်ပွားနေရာ NUG အနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်းမျိုးမရှိကြောင်း ဒေသခံများက ဆိုသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *