သံတောင်ကြီးရှိ ဘုရင့်နောင်တပ်မြို့မှ တပ်ခွဲမှူးသင်တန်းဆင်းများ လိုက်ပါလာသည့် ယာဉ်တန်းတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ်သင်တန်းကျောင်းမှ တပ်ခွဲမှူးသင်တန်းဆင်းများ လိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ ကြောင်း People Defence Force Thandaung က ယနေ့ ဇွန် ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တပ်ခွဲမှူးသင်တန်းဆင်းများလိုက်ပါလာသည့် ယာဉ်တန်းကို တောင်ငူ-သံတောင်လမ်းပိုင်းရှိ စစ်ကောင်စီ၏ (၇) မိုင်စခန်းကုန်းအနီးတွင် ဇွန် ၇ ရက်နေ့က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ခွဲမှူး ရှစ်ဦး နှင့် ယာဉ်မောင်းတပ်ကြပ်တစ်ဦးတို့ သေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ယာဉ်တန်းကို ကြိုစောင့်ရတာပေါ့၊ လာတာနဲ့မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရတာပေါ့။ အရပ်သားကားတွေကိုကြားညှပ်ပြီး မောင်းလာတော့ သတိကြီးကြီးထားပြီးပစ်ရတာပေါ့ဗျာ” ဟု People Defence Force Thandaung တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေး ဦးမှာလည်း တပ်ခွဲမှူးသင်တန်းဆင်းများဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အနီးပတ်ဝန်းကျင်ရှိရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကာ လက်ရှိတွင်လည်း သံတောင်ကြီးမြို့နယ်၌ စစ်ရေးအခြေအနေတင်းမာလျက် ရှိကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင်၊ တပ်မဟာ-၂၊တပ်ရင်း-၅ လက်အောက်ခံ People Defence Force Thandaung၊ MLB စစ်ကြောင်း နှင့် မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

သံတောင်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် မေ ၂၇ ရက်နေ့ကလည်း ထုံးဘိုကြီးရွာ အခြေစိုက် စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ထုံးဘိုကြီးစခန်းကို အင်အားဖြည့်တင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – People Defence Force-Thandaung (ပုံဟောင်း)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *