CDM မဝင်တဲ့ ဝန်ထမ်းတွေကို တရားစွဲအရေးယူနိုင်တဲ့ CDM ဥပဒေ ပြဋ္ဌာန်း

စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို တရားစွဲတဲ့အထိ အရေးယူနိုင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဇွန် ၁၃ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြဋ္ဌာန်းလိုက်ပါတယ်။

တရားစွဲ အရေးယူမယ့် ကိစ္စရပ်တွေထဲမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုမှာ ပူးပေါင်းပါဝင်တာ၊ အာဏာသိမ်းတာကို ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်တာ၊ အဂတိလိုက်စားမှုကျူးလွန်ပြီး မတရားတဲ့နည်းနဲ့ နိုင်ငံပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ရယူသုံးစွဲ၊ ပျက်စီးဆုံးရှုံးစေတာ ဒါမှမဟုတ် ဖျက်ဆီးတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို တနည်းနည်းနဲ့ ဆုံးရှုံးအောင်လုပ်တာ၊ ပြည်သူလူထုအပေါ် တနည်းနည်းနဲ့ ဖိနှိပ်တာ ဒါမှမဟုတ် နစ်နာဆုံးရှုံးစေတယ်ဆိုရင်လည်း တရားစွဲတဲ့အထိ အရေးယူမယ်လို့ ဥပဒေက ပြဋ္ဌာန်းလိုက်ပါတယ်။

ဒီဥပဒေမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို ချီးမြှင့်တာ၊ ပြန်လည်ကုစားတာတွေ ပါဝင်သလို Non CDM လို့ ခေါ်တဲ့ စစ်ကောင်စီလက်အောက်က ဝင်ထမ်းတွေကိုလည်း အရေးယူမယ့် အချက်တွေ ထည့်သွင်းထားပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းကာလထဲမှာ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေ ရာထူးတိုးမြှင့်တာကို တရားမဝင်ဘူးလို့ သတ်မှတ်သလို ပြည်တွင်း/ပြည်ပ ဝန်ထမ်းစာမေးပွဲရလဒ်တွေ အသိအမှတ်မပြုဘူးလို့လည်း ဆိုပါတယ်။

Non CDM ဝန်ထမ်းတွေ ကျူးလွန်တဲ့ အပြစ်၊ ပျက်ကွက်မှု အလိုက် ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်တာ၊ စစ်ကောင်စီကို အထောက်အကူပြု၊ အားပေးကူညီမှု အဆင့်အလိုက် ပြည်ပထွက်ခွာခွင့် ယာယီပိတ်တာ၊ အာဏာသိမ်း ကာလအတွင်းမှာ ခံစားရယူထားတဲ့ ရာထူးတိုးနဲ့ နှစ်တိုးလစာ၊ စရိတ် အပါအဝင် ခံစားခွင့်တွေ ပြန်အပ်ရတာ၊ ဘွဲ့တံဆိပ်တွေကို အသိအမှတ် မပြုတာတွေလည်း ပါဝင်ပါတယ်။

CDM ဝန်ထမ်းကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခဲ့တာ၊ ခြိမ်းခြောက် ဖိအားပေးတာ၊ အကျပ်ကိုင် ဖိနှိပ်တာတွေ၊ တရားစွဲဆိုအောင် အားပေးကူညီတာ၊ အရေးယူအပြစ်ပေးတာတွေကို လုပ်ဆောင်ခဲ့တဲ့ Non CDM ဝန်ထမ်းဆိုရင် ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခံရမှာ ဖြစ်ပါတယ်။

တကယ်လို့ CDM မဝင်ပေမဲ့ တော်လှန်ရေးအောင်မြင်အောင် ဆောင်ရွက်မှုတစ်ခုခုမှာ ထိထိရောက်ရောက် ပါဝင်ကူညီခဲ့တယ်လို့ အ‌ထောက်အထား တွေ့ရှိရင်တော့ အရေးယူမှု တစ်ခုခုကနေ ကင်းလွတ်တာ ဒါမှမဟုတ် သက်သာခွင့် ပြုနိုင်တယ်လို့လည်း ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *