စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာပါသလို ပုံတောင်ပုညာတောင်တန်းဒေသ၊ ယောဒေသတို့နဲ့ နယ်မြေချင်းဆက်စပ်နေတာမို့ အချက်အချာကြတဲ့ ပုလဲမြို့နယ်မှာ ဇွန်လဆန်းကစပြီးတိုက်ပွဲ​တွေ ပြင်းထန်​နေပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးအားကောင်းတဲ့ အဲဒီ​ဒေသမှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအင်အားစုတွေက ဇွန်လဆန်းကစပြီးတိုက်ခိုက်နေပါတယ်။

ပုလဲမြို့ အပါအဝင် မြို့နယ်ထဲက ပျူ​စောထီးရွာ​တွေကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့​ပေမယ့် ဒီတစ်ကြိမ်တိုက်ပွဲက နှစ်ပါတ်ကြာတဲ့တိုင် ပိုပြင်းထန်လာသလို စစ်တပ် တိုက်​လေယာဥ်ပါ​မြေခရတဲ့ တိုက်ပွဲဖြစ်ပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဦး ဆောင်ပြီး ဇွန်လ၂ရက်နေ့က ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းကို တိုက်ခိုက်နေတာပါ။

PLA က ကန့်​ဒေါင့်ရဲစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ အခြား​တော်လှန်​ရေးတပ်​တွေက စစ်တပ်ရဲ့စစ်ကူလာတဲ့ စစ်​ကြောင်း​တွေကို ဖြတ်​တောက်တိုက်ခိုက်​နေတာပါ။

ကန်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။

အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားတဲ့ စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရဲစခန်းဟာ ကန့်​ဒေါင့်ရွာရဲ့အ ရှေ့ဘက်မှာရှိတာပါ။

ပုလဲမြို့နယ်ထဲက ပျူ​စောထီးရွာ​တွေထဲမှာအချက်အချကျလှတဲ့ စခန်းဖြစ်ပါတယ်။

ဒါ့အပြင်ပုလဲမြို့နယ်က နာမည်ကြီး ပျူစောထီးရွာတွေဖြစ်တဲ့ အင်မထီး၊ ဇီးဖြူကုန်းရွာ တွေနဲ့ တြိဂံပုံတည်ရှိပြီး ဒီနယ်မြေကို တော်လှန်ရေး တပ်တွေ စိုးမိုးနိုင်ဖို့ အရေးပါတဲ့ စခန်းဖြစ်တယ်လို့ နယ်‌မြေကျွမ်းကျင်သူ ‌‌‌‌‌‌‌‌‌‌‌‌‌တွေဆီကသိရပါတယ်။

ဒီရဲစခန်းကို PLAသာရခဲ့ရင် ပျူစောထီး ကျေးရွာနှစ်ခုကို စစ်တပ်ရဲ့ ထောက်ပို့လမ်း ကြောင်းဖြတ် တောက်နိုင်မှာပါ။

ဒါ့အပြင် ပုလဲမြို့နယ် အနောက်ခြမ်းကို တော်လှန်ရေး တပ်တွေ အပြည့်အဝစိုးမိုးနိုင်သွားမှာဖြစ်ပြီး ပုလဲ-ဂန့် ဂေါလမ်းမကို အတိုင်းတာတခုအထိ ထိန်းချုပ်သွားနိုင်မယ့်နယ်မြေ ရဲစခန်းဖြစ်တယ်လို့သိရပါတယ်။

ဒီစခန်းကို PLAတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီက အကြိမ် ရေ ရာနဲ့ချီပြီးကန့်‌​ဒေါင့်ရွာပတ်လည်ကို လေ‌ကြောင်းက​နေ ဗုံးကြဲခဲ့ပါတယ်။

“ကန့်ဒေါင့်ရွာ ဘေးပတ်လည် တွေကို လေယာဉ်နဲ့ ဗုံး တွေကြဲတယ်။ ကန့်ဒေါင့်နဲ့ အင်မထီးပျူရွာ ကြားကိုလည်း ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက‌ ပြောပါတယ်။

ဒါ့အပြင် အဲဒီကျေးရွာ တွေနဲ့ ၅ ရွာလောက် ခြားတဲ့ မင်းတိုင်ပင် ကျေးရွာကိုလည်း စစ်တပ်က ဗုံးကြဲခဲ့တာမို့ ကျေးရွာ စာသင် ကျောင်းပျက်စီးခဲ့ပြီး သက်ကြီးအမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“PDFခေါင်းဆောင်တွေကအဲဒီရွာကို အထိုင်ချပြီး ကွပ်ကဲတယ်လို့ သူတို့ထင်တာဖြစ်မယ်။တိုက်ပွဲစဖြစ်ကတည်းက မင်းတိုင်ပင်ကပြည်သူတွေလည်း စစ်ရှောင်ကြပြီ”လို့ ဒေသခံ အမျိုးသားတဦး ကပြောပါတယ်။

တိုက်ပွဲဖြစ်ပြီး ၄ရက်အအတွင်း စစ်တပ်က Mi17 နဲ့ ၇စီးအထိ အင်မထီး ပျူစောထီးရွာကို စစ်အင်အားဖြည့်ခဲ့ပါတယ်။

တခြား PDF တပ်ရင်းတွေက ပျူစောထီးရွာတွေနဲ့ ပုလဲ မြိုပေါ်ကစစ်အင်အားထွက်လာနိုင်တဲ့လမ်းကြောင်းတွေကို ဖြတ်တောက်ရေးလုပ်ထားတယ်လို့သိရပါတယ်။

ဇွန်လ ၇ ရက်နေ့က အင်မထီးရွာကထွက်လာတဲ့ စစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေကဖြတ်​တောက် တိုက်ခိုက်ခဲ့တာ​ကြောင့် စစ်သား ၄၀ လောက် သေဆုံးကာ စစ်သုံ့ပန်းနဲ့ လက်နက် တွေရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တိုက်ပွဲ​တွေဟာပိုမိုပြင်းထန်လာခဲ့ပါတယ်။

ဇွန်လ ၁၀ ရက်​နေ့မှာ​တော့ NUG လက်​အောက်ခံ PDF ခရိုင်တပ်ရင်း​တွေ၊ ပကဖ နဲ့ ပူး​ပေါင်းတပ်​တွေဟာ ဇီးဖြူကုန်းရွာက ပျူ​စောထီးစခန်းကို ထိုးစစ်ဆင်တိုးတိုက်ခိုက်ခဲ့ပါတယ်။

ဇွန်လ၁၀ ရက်နေ့မှာ ကန့်​ဒေါင့်ရဲစခန်းတိုက်ပွဲကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မကွေးလေ တပ်ကတရုတ်နိုင်ငံထုတ် F-7 ဂျက်ဖိုက်တာတစီးကို PLAက ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဂျက်ဖိုက်တာဟာ မင်းတိုင်ပင်ရွာရဲ့ အရှေ့ မြောက်ဘက်က စပါးစေ့ရွာကို ကျခဲ့ပြီး​လေယာဥ်​​မောင်းသူအပြင် ​လေယာဥ်ပျက်ကျစဥ်​ဒေသခံ ပြည်သူ ၄ဦး ပါ သေဆုံးခဲ့ပါတယ်။

အ​စောပိုင်းမှာ PDF နဲ့ ပကဖ ​တွေကလည်း ဇီးဖြူကုန်းရွာကို ဗုံးလာကြဲတဲ့ တိုက်​လေယာဥ်ကိုသူတို့လည်းပစ်ချခဲ့တယ်လို့ထုတ်ပြန်ပါတယ်။​

နောက်ပိုင်းမှာ​တော့ တိုက်​လေယာဥ်ဟာ ရာသီဥတုဆိုးဝါပြီး ပျက်ကျတာလို့ထုတ်ပြန်ပါတယ်။

စစ်​ကောင်စီက​တော့ တိုက်​လေယာဥ်ဟာ​လေ့ကျင့်ပျံသန်းရင်းစက်ချို့ယွင်းလို့ ပျက်ကျတယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီဟာ ​မေလတုန်းကလည်း ဗန်း​မော်မှာ ရဟတ်ယာဥ်​တွေ တိုက်ခိုက်ခံရပြီး ပျက်ကျတာကိုလည်း စက်ချို့ယွင်းပြီးပျက်ကျတာလို့ ထုတ်ပြန်ခဲ့တာပါ။

ဒါဟာအညာရဲ့ စစ်ရေးအောင်မြင်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တွေက ​ပြောကြပါတယ်။

တိုက်‌လေယာဉ်ပျက် ကျသွားတဲ့နေရာကို အပြေးအလွှားသွားကြည့်ခဲ့တဲ့ PDF ရဲဘော်တစ်ဦးက ” တိုက်ရတာ တန်သွားပြီ” လို့ ဟစ်ကြွေးပါတယ်။

တိုက်လေယာဉ်ဟာ တရုတ်နိုင်ငံထုတ် F-7 တိုက်​လေယာဥ်ဖြစ်ပြီး အပျက်အစီးတွေကြားထဲကနေ တရုက်ထုတ်ကျည်ဆံတချို့ တွေ့ရတယ်လို့ ဒေသခံရဲ​ဘော်တွေကပြောပါတယ်။

သေဆုံးသွားတဲ့လေယာဉ်မောင်းဟာ သူ့ရဲ့ ဦးထုပ်မှာ ဗုဒ္ဓဘာသာအယူအဆအရ ဘေးအန္တရာယ် ကင်း​အောင်ဆိုပြီး​ ဆောင်​လေ့ရှိတဲ့ ၂၄ ပစ္စည်းဂုဏ်​တော် ရုပ်ပုံကို ကပ်ထားတာ မြင်တွေ့ရပါတယ်။

ဒါ့အပြင် ဒီဖြစ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အရှိုက်တည့်တည့်ကို ထိုးနှက်နိုင်ခဲ့ပါတယ်။

လူထုတော်လှန်ရေးအားကောင်းတဲ့စစ်ကိုင်းတိုင်းကို ခြေမချရဲတဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ ၄ နှစ်အတွင်းမှာ ၃ ကြိမ်မြောက် စစ်ကိုင်းတိုင်းက်ိုရောက်နေတဲ့နေ့မှာပဲ တော်လှန်ရေးအင်အားစုတွေက တိုက်လေယာဉ်ကိုပစ်ချနိုင်ခဲ့တာပါ။

တိုက်လေယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ချချိန်မှာ စစ်ကောင်စီခေါင်းဆောင်နဲ့ မိန်းမဖြစ်သူဒေါ်ကြူကြူလှက စစ်ကိုင်းမြို့သို့ရောက်နေတာပါ။

“သူရောက်နေတုန်း ပုလဲက လေယာဉ်သတင်းကြားတာပဲ။ မူလအစီအစဉ်ကတော့ ငလျင်ဘေးသင့်သူတွေနဲ့ ထပ်တွေ့ဖို့ပဲ။ ဒါပေမယ့် မျက်စိမျက်နှာပျက်ပြီးပြန်သွားတယ်”လို့ စစ်ကောင်စီခေါင်းဆောင် သွားရောက်လည်ပတ်ခဲ့တဲ့ စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရားဂေါပကအဖွဲနဲ့နီးစပ်သူကပြောပါတယ်။

လက်နက်ကိုင်ခုခံတော်လှန်ရေးအားအကောင်းဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီခေါင်းဆောင်က ၂၀၂၁ နောက်ပိုင်း ၂၀၂၃ မတ်လမှာ၁ကြိမ်၊ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်မှာ ၁ ကြိမ်၊ ဇွန်လ ၁၀ ရက်မှာ ၁ ကြိမ်၊ ၄ နှစ်အတွင်း ၃ ကြိမ်ပဲလာနိုင်ခဲ့တာပါ။

တိုက်​လေယာဉ် ဆုံးရှုံးခဲ့သလို မြေပြင်မှာပါ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ပုလဲ မြို့နယ်က ကျေးရွာတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီအထိနာပြီးတဲ့နောက် ဇွန်လ ၁၁ ရက် နေ့ညပိုင်းမှာ ပုလဲမြို့ပေါ်ကို ​လေ​ကြောင်းက​နေ စစ်ကူ​တွေအများအပြားပို့တယ်ဆိုတဲ့ သတင်း တွေကြောင့် ညတွင်းချင်းဒေသခံ သောင်းနဲ့ချီ စစ်ဘေးရှောင် နေရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

ကန့်ဒေါင့်စခန်းမတိုက်ခိုက်ခင်ကတည်းက ဘေးပတ်ဝန်းကျင်ရွာတွေကို ဘေးလွတ်ရာတိမ်းရှောင်စေခဲ့သလို တိုက်ပွဲတွေဆက်ပြီးပြင်းထန်လာလို့ စစ်​ရှောင်ပြည်သူ​တွေပိုများလာခဲ့ပါတယ်။

မြကုန်း၊ ဇောင်ဂျမ်းကုန်း၊ ကျွန်းဘိုကုန်း၊ ကုက္ကိုလ်ကုန်း၊ စေတီယုံနဲ့ ပုလဲ-ဂန့်ဂါလမ်းပိုင်း တောင်ဘက်ခြမ်းက ကျေးရွာ အားလုံးနီးပါး ထပ်မံစစ်ရှောင်နေရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

PLA ဦးဆောင်တဲ့ပူး​​ပေါင်းတပ်​တွေက ဇွန်လ ၁၂ ရက်​နေ့မှာကန့်​​ဒေါင့် ရဲစခန်းကိုဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီဖြစ်ပါတယ်။

“အခုတော့ အဲဒီစခန်းကို ဝိုင်းပိတ်ဆို့ထားပြီ။ ရဲစခန်းဆိုပေမယ့် သူတို့က အင်အားတွေ ထပ်ဖြည့်နေတာရော ကတုတ်ကျင်းတွေကအစ တပ်ပုံစံနဲ့ အခိုင်အမာလုပ်ထားတဲ့ စခန်းဖြစ်နေတာ”လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီစခန်းကို စစ်ကောင်စီက ပျူစောထီးအားကောင်းရာ အင်းမထီးကျေးရွာကတဆင့် အင်အားတွေ ဖြည့်တင်းပို့နေတာလို့လည်း PLA​ေရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“လေယာဉ်နဲ့ အင်းမထီးကိုလာချတယ်။ အင်းမထီးကနေ စစ်ကြောင်းထိုးပြီး အင်အားတိုးနေတာ”လို့ ၎င်းက ဆက်ပြောပါတယ်။

လက်ရှိတိုက်ခိုက်နေတဲ့တိုက်ပွဲထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးရရှိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေသိရပါတယ်။

ဇွန် ၁၃ ရက်​​နေ့အထိ တိုက်ပွဲ​တွေ ပြင်းထန်​နေတယ်လို့ စစ်​ရှောင်ပြည်သူ​တွေကလည်း​ပြောပါတယ်။

“သတင်းသာမထုတ်ပြန်သေးတာ။ မြေပြင်ရလဒ်တွေကောင်းတယ်”လို့မြေပြင်ကပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

PLAတပ်အပါအဝင် PDF တပ်ရင်း တွေမှာ သတင်း ဖြေကြားခွင့်တွေ ပိတ်ထားပြီး တိုက်ပွဲပြီးမှသာထုတ်ပြန်သွားမယ်လို့ PLAတပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူအပါအဝင် တော်လှန်ရေး ရဲဘော်တွေက ပြောကြားထားပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *