ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန် ကြေညာလိုက်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေသည် အတည်ပေါက်ဖြင့် ခြိမ်းခြောက်မှုသာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ယနေ့ဖော်ပြသည်။
ဇွန်လ ၁၃ ရက်က CRPH ပြဋ္ဌာန်းသည့်ဥပဒေ၌ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများအား ဂုဏ်ပြုပံ့ပိုးရန်နှင့် CDM တွင်မပါဝင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာ အပြစ်ပေးအရေးယူခြင်းနှင့် တည်ဆဲဥပဒေအရ တရားစွဲဆိုခြင်းများပြုလုပ်နိုင်ရန် ဖော်ပြထားသည်။
စစ်ကောင်စီလက်ထက် နိုင်ငံ့ဝန်ထမ်းများအား ရာထူးတိုးမြှင့်ခြင်း၊ အသစ်ခန့်အပ်ခြင်းနှင့် စာမေးပွဲရလဒ်များအား ပယ်ဖျက်ခြင်းတို့အပြင် စစ်ကောင်စီက ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များနှင့်ချီးမြှင့်ငွေများအား ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်းလည်း ဥပဒေတွင်ဖော်ပြထားသည်။
ထိုသို့ တာဝန်ထမ်းဆောင်ဆဲနိုင်ငံ့ဝန်ထမ်းများအား တရားစွဲဆိုရန်ပြုလုပ်ခြင်းသည် ပြည်ပြေးအုပ်စုတခု၏ နိုင်ငံ့ဝန်ထမ်းများအပေါ် နည်းလမ်းတခုဖြင့် ခြိမ်းခြောက်ခြင်းဖြစ်ပြီး ၎င်းတို့ကြားဖြေရှင်းမရသော ပြဿနာများနှင့် သပွတ်အူလိုက်နေသည့်အဖွဲ့မှ ကယောင်ကတမ်းထလုပ်သည့် လုပ်ရပ်ဟုလည်း စစ်ကောင်စီက ဆိုထားသည်။
CRPH ၏ဥပဒေတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၃၀ ရက်အတွင်း အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင်ပါဝင်သူများအား CDM နိုင်ငံ့ဝန်ထမ်းအဖြစ်သတ်မှတ်ပြီး နောက်ပိုင်းမှဝင်ရောက်လာသူများကို ခိုင်လုံသော အကြောင်းပြချက်တင်ပြနိုင်မှသာ CDM အဖြစ်သတ်မှတ်ရန် ဖော်ပြထားသည်။
ထို့ပြင် CDM များအာ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်ထောက်ပံ့ခြင်းဆိုင်ရာ အသုံးစရိတ်အား သီးခြားသတ်မှတ်ထားရန်၊ CDM လှုပ်ရှားမှုဆိုင်ရာ သမိုင်းဖြစ်ရပ်များအား ပညာရေးသင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းပြဋ္ဌာန်းရန်နှင့် CDM နေ့ရက်တခု သတ်မှတ်ကာ အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန်တို့လည်း ထည့်သွင်းပြဋ္ဌာန်းထားသည်။
ပုံစာ- ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်က ကျရောက်သည့် လွတ်လပ်ရေးအခမ်းအနားတွင် ပါဝင်နေကြသော စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများ/ AFP


Leave a Reply