ရခိုင်သို့ စစ်ကူပို့ခံရသည့် ဒုတပ်ရင်းမှူး ဗိုလ်မှူးစနိုက်ပါဖြင့်သေဆုံး၊ စစ်ကောင်စီအင်အား ၁၀၀ ကျော် အဆက်သွယ်ပြတ်တောက်နေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ နောက်ဆုံးအခေါက် စစ်ကူပို့ခံရသည့် ခမရ(၂၁၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်သည် ဇွန်လ ၉ ရက်တွင် အာရက္ခတပ်တော်(AA)၏ စနိုက်ပါဖြင့်သေဆုံးသွားခဲ့ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

၎င်း၏ နာရေးအသုဘရက်လည်ကို ရန်ကုန်မြို့လှည်းကူးအခြေစိုက် အမှတ်(၂၁၁)ခြေမြန်တပ်ရင်းတွင် ယနေ့ ( ဇွန်လ ၁၅ ရက်) ပြုလုပ်ခဲ့ကြောင်းသိရသည်။

“ဒီနေ့မှာ နာရေးပြုလုပ်တဲ့ အမှတ်(၂၁၁)ခြေမြန်တပ်ရင်း ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်က စနိုက်ပါထိမှန်တာ ရောက်ရောက်ခြင်းနေ့မှာ ထိမှန်တာလို့ကျွန်တော်တို့သိရတယ်။ သူကတပ်ရင်းမှူးဆီသွားပြီး သတင်းပို့ပြီး အပြန်မှာတင် အာရက္ခတပ်တော်က စနိုက်ပါနဲ့ ချေမှုန်းနိုင်တဲ့အနေအထားမျိူး။ အဲ့ဒီဗိုလ်မှူးက အပတ်စဉ် (၄၈ )ကလို့သိရတယ်။ မပခ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဦးစီးအရာရှိ ဒုတိယတန်း စစ်ရေးဌာနမှာအလုပ်လုပ်လာတဲ့သူဖြစ်တယ်။ ကျောက်ဖြူမြို့ကို ခြေချချချင်းပဲ ချက်ချင်းစနိုက်ပါနဲ့ သုတ်သင်ခံလိုက်ရတဲ့အနေအထားမျိုးလို့ သိရပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

သေဆုံးသွားသည့် ဗိုလ်မှူးဝင်းသန့်(အသက် ၃၉နှစ်) ၏ဇနီးဖြစ်သူ ဒုရဲအုပ်ဒေစီဝင်းသည်လည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှ ဒုရဲအုပ်ဖြစ်ပြီး ခင်ပွန်းအရှိန်အဝါဖြင့် ငွေညစ်သူဖြစ်ကြောင်း ၎င်းက တဆက်တည်း ပြောသည်။

ဗိုလ်မှူး ဝင်းသန့်အနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၇ရက်က ရန်ကုန်မြို့မှ ကျောက်ဖြူမြို့အမှတ်(၁)ဆိပ်ကမ်းသို့ ဖောကားခြောက်စီးဖြင့် စစ်ကူအင်အား ၂၀၀ အထက်နှင့်အတူ လက်နက်ခဲယမ်းများတင်ဆောင်လာသည့် ရေတပ်သင်္ဘောဖြင့်ပို့ဆောင်ခံရသူဖြစ်သည်။

ထို့အပြင်ကျောက်ဖြူမြို့တွင် စစ်ကောင်စီ၏ စစ်ကြောင်းအင်အား ၁၀၀ ဝန်းကျင်မှာဆက်သွယ်မှုပြတ်တောက်နေကြောင်း ဗိုလ်ကြီးဇင်ယော်ကဆိုသည်။

“ကျောက်ဖြူနယ်မြေထဲမှာ ပြီးခဲ့တဲ့ရက်ထဲက စစ်ကြောင်း အင်အား ၁၀၀ ဝန်းကျင် ဖြစ်ချင်လည်းဖြစ်မှာပေါ့။ စာရွက်မှာပြတဲ့သတင်းတာဆိုတော့ ဆက်သွယ်မှု ပြတ်တောက်နေတယ်ဆိုတာ လွန်ခဲ့တဲ့ရက်ထဲက ကြားရတာ၊ သေဆုံးတာလား အဖမ်းခံရလားဆိုတာ လက်ရှိမှာလည်း အလံဖြူထောင်လက်နက်ချတယ်လို့လည်းကျွန်တော်တို့သိရတယ် ဒါပေမဲ့ အာရက္ခတပ်တော်(AA) ဘက်ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘူး။ စစ်ကောင်စီဘက်ကတော့ အင်အား ၁၀၀ ခန့်ရှိတဲ့စစ်ကြောင်းတကြောင်းအဆက်သွယ်ပြတ်တောက်နေတယ်ဆိုတာ သူတို့ရဲ့ဆက်သွယ်မှုကွန်ရက်ထဲမှာ ကြားသိရတာရှိပါတယ်”ဟု၎င်းကပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့မှ တပ်ရင်းလိုက် လက်နက်ချအလင်းဝင်မှုရှိပြီး သေဆုံးသူများပြားကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသ ခံများက မဇ္ဈိမကို ယနေ့ဇွန်လ(၁၅ ရက်)တွင်ဖြေကြားထားသည်။

လက်နက်ချအလင်းဝင်သူများမှာ ပြည်မဘက်မှစစ်ကူပို့လိုက်သည့်တပ်ရင်းဖြစ်ပြီး လတ်တလောတိုက်ပွဲ ပြင်းထန်နေသည့် ရဲတပ်ရင်း(၃၂)အနီး မင်းတပ်တောင်ကျေးရွာတိုက်ပွဲမှဖြစ်ကာ အကြီးအကဲတဦးအပါ အဝင် တပ်သားအများအပြားဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်တွင် စစ်ကောင်စီတပ်မှ စစ်ဦးစီးမှူး ပထမတန်း (G1) အဆင့် ဒုတိယဗိုလ်မှူးကြီး နှင့်အတူ တပ်သားများကို အာရက္ခတပ်တော်(AA) က လက်ရဖမ်းဆီးမိခဲ့သည်။

ယမန်နေ့(ဇွန် ၁၄ ရက်)က ရဲတပ်ရင်း(၃၂)အနီး ပြိုင်းစေ့ကေကျေးရွာနှင့် ဓညဝတီရေတပ်ဌာနချုပ်သို့သွား သည့် သစ်ပုတ်တောင်လမ်းခွဲနားတွင် တိုက်ပွဲများပြင်းထန်နေသည်။

စစ်ကောင်စီအနေဖြင့် သေဆုံးမှုများပြားနေခြင်းကြောင့်အထိနာနေသဖြင့် စစ်ကူများကို ကျောက်ဖြူမြို့ သို့ ရေတပ်သင်္ဘောများဖြင့် ပို့ဆောင်နေသည်မှာ အင်အား ၁,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အပါအဝင် မြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စသည့်နောက်ဆုံးလက်ကျန်မြို့သုံးမြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *