ထန်းတပင် ကင်မွန်းခြုံကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က သေဆုံးမှုရှိဟု ဒေသခံပြော

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကင်မွန်းခြုံကျေးရွာအုပ်စုအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား ယနေ့ (ဇွန်လ ၁၅ ရက်) နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံက ပြောသည်။

ကင်မွန်းခြုံကျေးရွာအုပ်စုရှိ ဒါးဒေါက်ရွာ နှင့် ပုဂံကွဲရွာ စသည့် ကျေးရွာများနှင့် အနီးတဝိုက်တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ပြီး ဇရပ်ကြီးအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၇၃)နှင့် အနီးအနားတပ်စခန်းများမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟု ဒေသခံ၏ ပြောကြားချက်အရ သိရသည်။

“ ကင်မွန်းချုံနဲ့ တဆက်တည်းပဲလေ။ ဒါးဒေါက်၊ ဒိုးတန်း၊ ပုဂံကွဲတို့ အဲ့ဒီဘက်တွေမှာ ဖြစ်ကြတာ၊ တောင်နဲ့မြောက် ချကြတာပေါ့၊ ကရင်နဲ့ PDF က တောင်ဘက်က၊ စစ်တပ်က မြောက်ဘက်ကပေါ့။ မြို့စိုးမှာ ဖြစ်ကတည်းက အခြေအနေမကောင်းတာ ဒီနေ့တော့ ထပ်ဖြစ်တယ်” ဟု ဇရပ်ကြီးဒေသခံတဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်းနှင့် ဆေးကုသမှု ခံယူနေရသူများ ရှိကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံက ဆိုသည်။

“ ဇရပ်ကြီးဆေးရုံကို ရောက်လာတာ သုံးယောက် စစ်သားတွေ ကျည်ဆံလာထုတ်တာ၊ တယောက်က မလှုပ်တော့ဘူး သေသွားပြီ၊ နောက်တယောက်ကတော့ ခေါင်းက ကျည်ဆံထုတ်ပြီးပြီ သူကတော့ နည်းနည်း အခြေအနေကောင်းတယ်၊ ရေတွေဘာတွေ သောက်နိုင်တယ်၊ နောက်တယောက်ကလည်း ကိုယ်တပိုင်းလုံး တာလပတ်စကြီးအုပ်ထားတယ် သေမသေတော့ မသိဘူး” ဟု ဒေသခံက ပြောသည်။

လက်ရှိ ညနေ ၄ နာရီမေးမြန်းချက်အရ စစ်ကောင်စီ၏ ဇရပ်ကြီးအခြေစိုက် ခလရ (၇၃)၊ မြို့စိုးတပ်စခန်း၊ ကျွဲပွဲရဲစခန်းနှင့် အနီးအနားတပ်စခန်းများမှ လက်နက်ကြီးများ ပစ်ခတ်နေခြင်းရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ကလည်း ထန်းတပင်မြို့နယ် မြို့စိုးရွာအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားခြင်းရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ခုနစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း PDF သတင်းရင်းမြစ်ထံက သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *