ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ရင်းလိုက် လက်နက်ချ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့မှ တပ်ရင်းလိုက် လက်နက်ချအလင်းဝင်မှုရှိပြီး သေဆုံးသူများပြားကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသ ခံများထံမှ သိရသည်။

လက်နက်ချအလင်းဝင်သူများမှာ ပြည်မဘက်မှစစ်ကူပို့လိုက်သည့်တပ်ရင်းဖြစ်ပြီး လတ်တလောတိုက်ပွဲ ပြင်းထန်နေသည့် ရဲတပ်ရင်း(၃၂)အနီး မင်းတပ်တောင်ကျေးရွာတိုက်ပွဲမှဖြစ်ကာ အကြီးအကဲတဦးအပါ အဝင် တပ်သားအများအပြားဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“အဲဒါဟုတ်တယ် မနေ့(ဇွန်လ ၁၄ ရက်)က သိရတာ၊ ကျောက်ဖြူအခြေစိုက် မဟုတ်ဘူး။ ဗမာဘက်ကပို့ လိုက်တဲ့ တပ်ရင်းလို့သိရတယ်။ ဘယ်ကတပ်ရင်းလဲဆိုတာ မသိရသေးဘူး၊ စုံစမ်းနေတုန်းပဲ။ ရဲတပ်ရင်း (၃၂)နားက မင်းတပ်တောင်နားက တိုက်ပွဲမှာ” ဟု ၎င်းကပြောသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၂ ရက်မှ၍ ယခု ဇွန်လဒုတိယအပတ်အထိ လေးလတာအတွင်း စစ်ကောင်စီတပ် သား ၂၀၀ မှ ၃၀၀ ဝန်းကျင်အထိ သေဆုံးကြောင်း ၎င်းကဆိုသည်။

လတ်တလောတိုက်ပွဲပြင်းထန်နေသည့် ရဲတပ်ရင်း(၃၂)အနီးနှင့် ဂုံးချွိန်ကျေးရွာတွင် စစ်ကောင်စီတပ်သား ရာနှင့်ချီသေဆုံးနေကြောင်း ကျောက်ဖြူမြို့ခံတဦးကလည်း ပြောသည်။

“ကျောက်ဖြူတိုက်ပွဲမှာ ဂုံးချွိန်နားကရော၊ ရဲတပ်ရင်း(၃၂)နားကတိုက်ပွဲမှာပါ စစ်ကောင်စီတပ်ကသေသွား တဲ့အလောင်းတွေ အများကြီးပဲလို့ ကြားတယ်။ ကောက်ဖို့လူတောင်မရှိဘူး။ ရာနဲ့ချီသေတာ၊ ရဲရော စစ်သားရော” ဟု ၎င်းကပြောသည်။

သေဆုံးအရေအတွက်ကိုမူ မဇ္စျိမက သီးခြားအတည်မပြုနိုင်သေးပါ။ အဆိုပါဖြစ်စဉ်အားအတည်ပြုရန် အာရက္ခတပ်တော်(AA)၏ပြောရေးဆိုခွင့်ရ ဦးခိုင်သုခကိုမေးမြန်းထားရာ ဖြေကြားခြင်း မရှိသေးပေ။

ရခိုင်ဒေသအခြေစိုက် နရိဥ္စရာသတင်းဌာနက တပ်မ(၁၁)နှင့် တပ်မ(၉၉)တို့မှ တပ်ရင်းအလိုက် AA ထံ လက်နက်ချ အလင်းဝင်ရောက်မှုများရှိကြောင်းဖော်ပြထားပြီ လေးဝတီ FM သတင်းဌာန၏အဆိုအရ စစ်ကောင်စီဗိုလ်မှူးနှင့်တပ်သား ၇၀ ဦး အလင်းဝင်ကြောင်း ဖော်ပြထားသည်။

စစ်ရေးသတင်းရင်းမြစ်၏အဆိုအရ ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ပြင်ပသို့ ပို့ဆောင်ဆေးကုသ ပေးခြင်းမရှိဘဲ ရဲတပ်ရင်း(၃၂)ထဲတွင် သာမာန်ဆရာဝန်၊ ဆေးမှူးများဖြင့်သာ ကုသပေးနေရကြောင်းသိ ရသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်တွင် စစ်ကောင်စီတပ်မှ စစ်ဦးစီးမှူးပထမတန်း(G1) အဆင့် ဒုတိယဗိုလ်မှူးကြီး နှင့်အတူ တပ်သားများကို အာရက္ခတပ်တော်(AA) က လက်ရဖမ်းဆီးမိခဲ့သည်။

ယမန်နေ့(ဇွန် ၁၄ ရက်)က ရဲတပ်ရင်း(၃၂)အနီး ပြိုင်းစေ့ကေကျေးရွာနှင့် ဓညဝတီရေတပ်ဌာနချုပ်သို့သွား သည့် သစ်ပုတ်တောင်လမ်းခွဲနားတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ၏ ဒေသအခြေစိုက် ခမရ (၅၄၃)နှင့် ခမရ(၅၄၂)ကလည်း AA ရှိရာနေရာများသို့ လက်နက်ကြီးဖြင့် မနားတမ်းပစ်ခတ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ကျောက်ဖြူမြို့သို့ ရေတပ်သင်္ဘောများဖြင့်ရောက်ရှိလာသော စစ်သားနှင့် ရဲအင်အား ၂၀၀ နှင့်အထက်ကို လက်နက်ခဲယမ်းများနှင့်အတူ ရဲတပ်ရင်း(၃၂)၊ ခမရ(၅၄၃)နှင့် ခမရ (၅၄၂) သို့ တပ်ဖြန့်ခွဲပို့ခဲ့ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီအနေဖြင့် သေဆုံးမှုများပြားနေခြင်းကြောင့်အထိနာနေသဖြင့် စစ်ကူများကို ကျောက်ဖြူမြို့ သို့ ရေတပ်သင်္ဘောများဖြင့် ပို့ဆောင်နေသည်မှာ အင်အား ၁,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော်(AA)သည် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ မင်းတပ်တောင်စခန်း၊ လိပ်ခမော် ကာ ကင်းစခန်း၊ နှမ်းဖဲတောင် ကာကင်းစခန်းတို့ကို မေလတတိယအပတ်က သိမ်းပိုက်ထားနိုင်သည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ ကျောက်တလုံးဘုရားအနီးရှိ ခမရ (၅၄၂)၊ ဂုံးချွိန်ရွာအနီးရှိ ခမရ (၅၄၃)၊ ခလရ (၃၄)၊ မြို့အနီးရှိ အမှတ်(၃၂) ရဲတပ်ရင်းနှင့် တောင်မော်ကြီး ရေတပ်ဌာနခွဲတို့ တည်ရှိသည်။

အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အပါအဝင် မြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စသည့်နောက်ဆုံးလက်ကျန်မြို့သုံးမြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *