ရေကြည် အမြောက်တပ်မှ စစ်ကောင်စီတပ်သား အများအပြားထွက်ပြေး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်ကနေ စစ်ကောင်စီ တပ်သား အယောက် ၂၀ ထွက်ပြေးသွားတယ်လို့ အမြောက်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရေကြည်အမြောက်တပ် ၃၄၄ ကနေ ဇွန် ၆ ရက်က ၆ ယောက်၊ ဇွန် ၈ ရက်က ၁၁ ယောက်၊ ဇွန် ၁၄ ရက်က ၃ ယောက် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

အမြောက်တပ်ရင်းနဲ့ နီးစပ်သူတယောက်က “စစ်မြေပြင်မှာ တိုက်ပွဲအကျများလာတာကြောင့် စစ်သားတွေအများစုက စိတ်ဓာတ်တွေ ယိမ်းယိုင်ပြီး ထွက်ပြေးတာ။ ထွက်ပြေးတဲ့ တပ်သားတွေက အရင်တပ်သားတွေလား၊ စစ်မှုထမ်းလူငယ်တွေလားတော့ မသိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်လို့ အပူတပြင်း လိုက်လံရှာဖွေတာ မလုပ်ပေမယ့် စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရေကြည်အမြောက်တပ် ၃၄၄ နားမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်သံ ကြားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *