ရန်ကုန် ပျူလူမိုက်များ စစ်တပ်ကလွဲ၍ မည်သူ့ကိုမျှ လူမထင်တော့ဟုဆို

ရန်ကုန်မြို့ရှိ ပျူစောထီးလူမိုက်များမှာ စစ်တပ်ကလွဲ၍ မည်သူ့ကိုမျှ အဖက်မလုပ်တော့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ပျူစောထီးအများစုမှာ လူမိုက်များဖြစ်ကြပြီး ၎င်းတို့ ကျူးလွန်နေသော ရာဇဝတ် မှုများကို အကာအကွယ်ရရန်အတွက် ပျူစောထီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များတွင် ဝင် ရောက်လုပ်ကိုင်နေကြကာ ရဲများကိုလည်း အဖက်မလုပ်တော့ကြောင်း ရန်ကုန်အခြေစိုက် ရဲသတင်းရင်းမြစ်ထံက သိရသည်။

“စစ်တပ်က ရဲတွေကို နှိမ်ထားတယ်။ပျူတွေကို တပည့်မွေးပြီး ရဲတွေရဲ့ရပေါက်ရလမ်း ဂွင်တွေကို ဝင် ယူတယ်။ပျူတွေကလည်း စစ်တပ်အားကိုးနဲ့ ရဲတွေကို အဖက်မလုပ်တော့ဘူး”ဟု၎င်းက ပြောသည်။

လူမိုက်များ အခြေစိုက်ရာ ရန်ကုန်မြို့စွန်ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ပျူစောထီးလူမိုက်တို့က တရားမဝင်လုပ်ငန်းမျိုးစုံကို လုပ်ကိုင်လျက်ရှိပြီး ရဲများအား ဘော်ဒါကြေးသာပေးတော့ကြောင်း သိရသည်။

“လောင်းကစား၊ မူးယစ်ဆေး၊ လုယက်၊ ဓားပြတိုက် ပျူတွေ လုပ်တာမှန်သမျှ နယ်ထိန်းက ဘော်ဒါ ကြေးပဲရတယ်။ ယူချင်ယူ မယူချင်နေပဲ။ လူမိုက်ခေါင်းဆောင်ဆိုတာတွေက စခန်းမှူးလောက်ကိုပဲ သူတို့နဲ့တန်းတူပုံစံမျိုး သဘောထားတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့အခြေစိုက်စစ်တပ်သည် ပျူစောထီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့နှင့် တိုက်ရိုက်ဆက် ဆံကာ တရားမဝင်လုပ်ငန်းမျိုးစုံအတွက် လိုင်းကြေးတိုက်ရိုက်ရယူနေသလို ယင်းတရားမဝင်လုပ် ငန်းများကိုလည်း အကာအကွယ်ပေးထားကြောင်း သိရသည်။

ဇွန်လ၁၃ရက်၊ညရှစ်နာရီခန့်တွင် ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်အတွင်း၌ ရဲတစ်ဦးကို ပျူစောထီး လူမိုက်တို့က ဓားနှင့်ခုတ်ပြီး တုတ်ဖြင့် ဝိုင်းရိုက်ကြရာ အခြားရဲများရောက်လာကာ သေနတ်နှင့်ပစ်မှ ထွက်ပြေးသွားကြကြောင်း သိရသည်။

“အဲဒါက ရန်ကုန်မြို့ရဲ့ အခြေအနေအမှန်ပဲ”ဟု ၎င်းက ပြောသည်။

ဓားနှင့် အခုတ်ခံရသည့်ရဲမှာ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ပျူစောထီး သုံးဦးကို ရဲများက ဖမ်းမိခဲ့ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *