မွန်ပြည်နယ် အခြေစိုက်တပ်ဖြစ်သည့်(ရေးမြို့နယ်) ရေးပြောက်ကျားတပ် (YGF)မှ ဖွင့်လှစ်သင်ကြားနေသည့် အခြေခံစစ်သင်တန်း အမှတ်စဉ် (၂) တွင် ရဲဘော် နှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရေးပြောက်ကျားတပ်နှင့် နီးစပ်သူများထံမှ သိရသည်။
ရေးပြောက်ကျားတပ်သည် ဒေါနတပ်ရင်း ဒေါနစစ်ကြောင်း(၂)၏ လက်အောက်ခံတပ်ဖြစ်ပြီး မေလ လဆန်းပိုင်းတွင် အခြေခံစစ်သင်တန်း အပတ်စဉ် (၂)ကို ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်သည်။
သေဆုံးသွားသူ အမျိုးသား နှစ်ဦးသည် ဘထစ်နှင့် ဒိုင်နိုတို့ဖြစ်ပြီး သင်တန်းတွင် သင်တန်းဆရာတို့၏ ကြမ်းတမ်းသည့် ရိုက်နှက်မှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရေးပြောက်ကျားတပ်နှင့် နီးစပ်သူများထံမှ သိရသည်။
“ပထမသေဆုံးတဲ့ (ဒိုင်နို) သင်တန်းသားက နေမကောင်းတာကို ဆေးနားတောင်းတာ မပေးဘဲ ညပိုင်းမှာ ရိုက်နှက်ရင်း လက်လွန်သွားတာ။ သင်တန်းဆရာတွေရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကြောင့်ပဲ သေဆုံးခဲ့ရတာပါ။ ဒုတိယ တယောက်(ကိုဘထစ် အသက်- ၂၇နှစ်) က သင်တန်းဆရာတွေရဲ့ ရိုက်နှက်ကန်ကျောက်တာကြောင့် အသည်းအသန်ဖြစ်ပြီး ခြောက်လပိုင်း လေးရက်နေ့ ညပိုင်းမှာ သုံးဆူမပို့ခင် သင်တန်းထဲမှာပဲ အကြောတွေကပ်နေခဲ့ပြီ။ သုံးဆူရောက်ပြီး နောက်နေ့ နေ့လယ်လောက်မှာ ဆုံးသွားတယ်”ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်တဦးက ပြောသည်။
ယင်း သင်တန်းတွင် သင်တန်းသား ၉၀ ကျော်ရှိပြီး သင်တန်းဆရာ ငါးဦးဖြင့် သင်ကြားပေးနေကြောင်း သိရသည်။
သင်တန်းဆရာ ငါးဦးတွင် ဝေဖြိုး၊ စည်သူ၊ အငယ်ကောင်နှင့် ဂျော့တို့မှာ သင်တန်းသားများကို ကြမ်းတမ်းစွာဆက်ဆံကြပြီး ၎င်းတို့ထဲတွင် ရဲဘော်ဂျော့ဆိုသူမှာ သင်တန်းသားများကို အလွန်ကြမ်းတမ်းစွာ ဆက်ဆံသည့် သင်တန်းဆရာဖြစ်ကြောင်းသိရသည်။ သေဆုံးသွားသူ နှစ်ဦးသည်လည်း ရဲဘော်ဂျော့၏ ရိုက်နှက်မှု၊ အပစ်ပေးမှုများကြောင့် သေဆုံးခဲ့ရကြောင်း ရေးပြောက်ကျားတပ်နှင့် နီးစပ်သူများမှ ပြောသည်။
သင်တန်းသားများ နေမကောင်းဖြစ်နေခြင်းကြောင့် ဆေးနားခွင့်တောင်းရာမှာလည်း ဆေးနားခွင့်မပေးဘဲ သင်တန်းဆရာများမှ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ခြင်းများ ရှိနေကြောင်းသိရသည်။
သင်တန်းအတွင်း ထိုးကြိတ်ကန်ကျောက်ခြင်းကြောင့် သင်တန်းသူများပါ ဒဏ်ရာရရှိခဲ့ပြီး သင်တန်းသားတဦးမှာ သစ်ပင်တွင် တွဲလောင်းချိတ်ပြီး အရိုက်ခံရသည့်အတွက် အဆိုပါသင်တန်းသားမှာ ဆေးခန်းတွင် လူနာအဖြစ် ဆေးကုသ နေရကြောင်းလည်း သိရသည်။
ရိုက်နှိက်ခံရသည့် သင်တန်းသားအချို့မှာ သေရာပါဒဏ်ရာအမာရွတ်များကျန်နေကြောင်း သိရသည်။
လူသေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် သင်တန်းဆရာ ရဲဘော်ဂျော့ဆိုသူကို ဒေါနအကျဉ်းထောင်ကို ပို့ဆောင်ခဲ့သော်လည်း ဒေါနတပ်ရင်း စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်ကျန်ရစ်မှ ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရသည်။
သင်တန်းအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် သင်တန်းသားများကို မွန်ပြည်တော်လှန်ရေးတပ်( MSRF )တပ်တွင်း ဆေးခန်းတွင် ဆေးကုသခံနေရကြောင်းလည်း သိရသည်။
“ကျူးလွန်တဲ့ ဂျော့ဆိုတဲ့သူကို ဒေါနအကျဉ်းထောင်မှာ တရက်လာထားတယ်။ ထောင်စည်းကမ်းအရ ထောင်ကိုရောက်လာတဲ့ အချုပ်သား မည်သူ့ကိုမဆို အဝင်မှာ ကြိမ်ဒဏ် ငါးချက်အပြစ်ပေးတယ်။ အဲ့လို အပြစ်ပေးတာကို ဗိုလ်ကျန်ရစ်ဆိုသူက ရိုက်ရမလားဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ တရားခံကို cover(အကာကွယ်ပေး)လုပ်ပြီး သူ့တပ်ရင်းထဲ ပြန်ခေါ်သွားတယ်။ သူတို့ ဒီသတင်းကို အပြင်မထွက်အောင် လုပ်ထားတယ်”ဟု သတင်းအရင်းအမြစ်တဦးက ပြောဆိုသည်။
ဒေါနတပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၃) လက်အောက်ခံဖြစ်ပြီး အဆိုပါ လူသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗျူဟာ(၃၃) တာဝန်ရှိသူကို မဇ္ဈိမမှ မေးမြန်းရာ သင်တန်းဆရာများ၏ ရိုက်နှက်မှုကြောင့် သေဆုံးရခြင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်။
“ အဓိက မိုးရာသီလည်းဖြစ်တော့ ငှက်ဖျားရောဂါနဲ့ တုပ်ကွေးရောဂါ အဖြစ်များတယ်၊ သင်တန်းကလည်း Special Foce သင်ရတော့ သင်တန်းက ကြမ်းတယ်၊ တဦးကတော့ ငှက်ဖျားပိုးဦးနှောက်ထဲရောက်တဲ့ တယောက်ရယ်၊ အသက်ရှူကျပ်ပြီး ဆုံးတဲ့တယောက်ရယ် နှစ်ယောက်ရှိပါတယ်” ဟု ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး စောဒါကို(ခ)ကိုဘိတ်မှ ပြောသည်။
သင်တန်းသည် Special Foce သင်တန်းဖြစ်ပြီး SOF သင်တန်းဆရာမှ သင်တန်းပေးသည့် SOF သင်တန်းဖြစ်ကြောင်း ၎င်းမှ ပြောဆိုသော်လည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOFမှ တာဝန်ရှိသူ ရဲဘော်အောင်စံရှားမှ မိမိတို့ တပ်ဖွဲ့ သင်တန်ပေးခြင်းမဟုတ်ကြောင်း ပြောဆိုသည်။
“မဟုတ်ဘူး အကို၊ မဆိုင်ဘူးနော်၊ SOFနဲ့တော့ မဆိုင်ဘူး ဘာမှ။ ဒီသင်တန်းက SOFနဲ့ မဆိုင်ဘူး၊ SOFသင်တန်းလည်း မဟုတ်ဘူးနော်။ SOFသင်တန်းဆရာတွေလည်း မပါဘူးနော်။ သူတို့အထူးတပ်ဖွဲ့ဖြစ် ဘာဖြစ် ကျနော်တို့နဲ့ မဆိုင်ဘူး။”ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOFမှ တပ်ရင်းမှူး ရဲဘော်အောင်စံရှားက ပြောသည်။
လူသေဆုံးမှုဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူ သင်တန်းဆရာ ရဲဘော်ဂျော့ဆိုသူကို အရေးယူထားကြောင်း သိရပြီး မည်ကဲ့သို့ အရေးယူထားကြောင်း ရှင်းရှင်းလင်းလင်း မသိရပေ။ သင်တန်းဆရာ ရဲဘော်ဂျော့ကြောင့် သေဆုံးခဲ့တာ ဟုတ်ပါသလားဟု မဇ္ဈိမမှမေးမြန်းရာ ဗျူဟာ(၃၃) တာဝန်ရှိသူမှ “အဲလိုတော့ ပြောလို့မရဘူး”ဟု ပြန်လည်ပြောဆိုသည်။
“ သူက သင်တန်းဆရာဆိုပေမယ့် သင်တန်းမှာ တာဝန်ရှိတဲ့သူတယောက်အနေဖြင့် ကိုယ့်တပည့်တွေ ရောဂါအဖြစ်လွန်ပြီး သတင်းပို့နောက်ကျ တာဝန်ပေါ့လို့လည်း အရေးယူထားပါတယ်။ အခုလည်း အသည်းရောင်အသားဝါ ဘီပိုးသမားတွေ ငှက်ဖျားနဲ့ တုပ်ကွေးအဖြစ်များလို့ လူနာ ၃၀ကျော်လောက် ဆေးခန်းပြထားရပါတယ်။ သင်တန်းသား တာဝန်ပေါ့ရော့မှုနဲ့ အရေးယူထားပါတယ်”ဟု ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး စောဒါကို(ခ)ကိုဘိတ်မှ ပြောသည်။
ယင်း သင်တန်းသည် ရေးပြောက်ကျားတပ်ဖွဲ့၏ ဖေ့ဘုတ်စာမျက်နှာ ပေ့ချ်တွင် ရေးပြောက်ကျားတပ်မှ တပ်သားသစ်ခေါ်ယူခြင်းဆိုကာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဖော်ပြထားသည့် သင်တန်းဖြစ်ကြောင်းသိရသည်။
သင်တန်းတွင် ထွက်ပြေးသွားသည့် ရဲဘော်များရှိပြီး တချို့ကို ဒေါနအကျဉ်းထောင်တွင် ချုပ်ထားကြောင်းသိရသည်။
အဆိုပါ သင်တန်းသည် ရေးပြောက်ကျားတပ်(ဒေါနစစ်ကြောင်း-၂) စစ်ကြောင်းမှူး ဗိုလ်ကျန်ရစ် ဦးဆောင်ဖွင့်လှစ်ထားသည့် သင်တန်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့မှ သင်တန်းသားအသစ်များနှင့် ရေးပြောက်ကျား တပ်၏ မဟာမိတ်အဖွဲ့မှ ရဲဘော်သစ်များကိုစုစည်းကာ စစ်သင်တန်း သင်ကြားပေးနေခြင်း ဖြစ်သည်။
ဓာတ်ပုံ – လူသေဆုံးအောင်ထိ ရိုက်နှိက်ခဲ့သည့် သင်တန်းဆရာ ရဲဘော်ဂျော့


Leave a Reply