ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း (၃၆၀၁) စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ယနေ့(ဇွန်လ ၁၈ ရက်)တွင် ပြောသည်။
ဇွန်လ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၅၉ မိနစ်ခန့်က ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု၊ နွားသိုးရွာနှင့် နွေးတောင်ရွာအကြားတွင် လူသားတံတိုင်းများကာထားပြီး အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို အချိန် သုံးနာရီကျော်ကြာ ကြားဖြတ်တိုက်ခိုက်ခြင်းဟု သိရသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကို ဗျူဟာ (၂၁) လက်အောက်ခံ တပ်ရင်း (၃၆၀၁) စနိုက်ပါအဖွဲ့နှင့် တပ်ရင်းစစ်ကြောင်းတို့က ပြုလုပ်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေးဦးသေဆုံးသည့်အပြင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းမှာ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာအတွင်း စစ်ကြောင်းဝင်ရောက်ပြီးနောက် ဒေသခံနေအိမ် အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ဒေသခံဦးရေ ၂၀ နှင့်အထက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကြောင်းဖြစ်သည်။
အဆိုပါ သေဆုံး စစ်ကောင်စီတပ်သားများအား စစ်ကောင်စီတပ်က နွားသိုးရွာနှင့် နွေးတောင်ရွာရှိ ဒေသခံနေအိမ်များပေါ်တင်ကာ နေအိမ် ကိုးလုံးနှင့်အတူ အလောင်းများကို မီးရှို့သွားသည်ဟု PDF က ပြောသည်။
“ ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာနဲ့ မီးရှို့ပြီးသား အလောင်းတွေနဲ့ ဘယ်လောက်ဆိုတာ သိရတာပါ၊ တိုက်ခိုက်ခံရပြီးတဲ့နောက်တော့ ပေါက်ခေါင်းမြို့နယ်ဘက်ကို ပြန်ဆုတ်ခွာသွားပါတယ်” ဟု PDF တပ်ရင်း (၃၆၀၁) စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောသည်။
လက်ရှိတွင်လည်း စစ်ကောင်စီက ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကန်ကျင်း၊ အိုင်ဇောက် စသည့်ကျေးရွာများဘက်သို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထပ်မံတိုးထားခြင်း ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ပထမအပတ်အတွင်းကစ၍ ပဲခူးတိုင်း အနောက်ဘက်ခြမ်းရှိ ပေါင်းတည်၊ ပေါက်ခေါင်း၊ မင်းလှ စသည့်မြို့နယ်များတွင် စစ်ကောင်စီစစ်ကြောင်းများ မကြာခဏတိုက်ခိုက်ခံနေရကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။


Leave a Reply