ကျောက်ဖြူမြို့ပေါ်ရှိ ခလရ ၃၄ တပ်ရင်းနှင့် လေဆိပ်အနီးအထိ လက်နက် ကြီးကျရောက်

ကျောက်ဖြူမြို့ပေါ်ရှိ ခလရ ၃၄ တပ်ရင်းနှင့် လေဆိပ်အနီးအထိ လက်နက် ကြီးကျရောက်၍ စစ်ကောင်စီလုံခြုံရေးတိုးမြှင့်

ကျောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေသောတိုက်ပွဲမှာ မြို့ပေါ်တပ်ရင်းများနှင့် လေဆိပ်အနီးထိ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲသည်အထိ နီးကပ်လာသောကြောင့် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၁၆ရက်နေ့ ညနေပိုင်းက ကျောက်ဖြူလေဆိပ်သို့ အင်အားရာချီကို ပို့ဆောင်ထားကြောင်း သိရသည်။

“ငလပွေ့ဆိပ်ကမ်းကနေ စစ်သင်္ဘောတွေနဲ့ အင်အားရာချီပို့ခဲ့တယ် ပြောပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေက လေဆိပ်နဲ့ ကျောက်ဖြူမြို့ပေါ်တပ်ရင်းတွေထဲထိကျလို့ စစ်တပ်က လုံခြုံရေးမြှင့်နေတာပါ” ဟုရခိုင်သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ကျောက်ဖြူမြို့ပြင်ရှိ ခမရ ၅၄၂တပ်ရင်း အတွင်းသို့လည်း လူအင်အားများပို့ဆောင်ပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၆ ရက်တွင် အာရက္ခတပ်တော် (AA)က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် ကျောက်ဖြူမြို့ ခလရ ၃၄ တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုများရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အင်အား ၇၀ကျော်မှာလည်း AA ဘက်သို့ လက်နက် ချအလင်းဝင်မှုများရှိပြီး စစ်ကူပို့ထားသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းမှာလည်း စစ်ကောင်စီနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။

လတ်တလောတွင် ကျောက်ဖြူတိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေမှ ခုခံနေရကာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ နည်းဗျူဟာမှူးဖြစ်သူနှင့် ဒုတပ်ရင်းမှူးတို့သည် AA ၏ စနိုက်ပါကျည်ထိမှန်၍ သေဆုံးခဲ့ကြသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *