ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မ ၃၃ မှ ဒုတိယ စစ်ဦးစီးဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။

မှော်စီစာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ဇွန် ၁၇ ရက် ၁၂ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ရှေ့တန်းတပ်မဌာနချုပ် တပ်မ (၃၃) မှ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးဖြိုးဇော်သန့် သေဆုံးသွားကြောင်း သိရသည်။

“မှော်စီစာမှာ တပ်စွဲထားတဲ့စခန်းကို KIA ကဝင်တိုက် တာ။ ၃၃ တပ်မက ဒုစစ်ဦးစီး သေတယ်လို့ ကြားရပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မှော်စီစာဘုရားကုန်းတိုက်ပွဲတွင် တပ်မ (၃၃) လက်အောက်ခံ ကံဆီးဗျူဟာအထိုင်စခန်းမှ G2 (ဒုတိယတန်းစစ်ဦးစီးမှူး) အဆင့် ဗိုလ်မှူးဖြိုးဇော်သန့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ဖားကန့်၌ နေရာနှစ်ခုထက်မနည်းတွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်း ထိုးဝင်ရောက်လာပြီးနောက် ပြည်သူ ၂၀ ဦးထက်မနည်းကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မှော်ဝမ်းကြီးနှင့် မှော်ဝမ်းလေးကျေးရွာတို့မှ ပြည်သူများ စစ်ရှောင်နေရကာ မှော်ဝမ်းလေးကျေးရွာတွင် ဒေသခံပြည်သူအချို့ ပိတ်မိနေသေးကြောင်း သိရသည်။

ပုံစာ-တပ်မ ၃၃ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (ပုံဟောင်း)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *