ရေကြည်မြို့နယ်၌ ပြည်သူ့စစ် ကျော်မြင့် တိုက်ခိုက်ခံရပြီးသေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အခြေစိုက် အမတ ၃၄၄ မှာတာဝန်ကျနေတဲ့ စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ် ကျော်မြင့်ဟာ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ရပ်ရွာလုံခြုံရေးအတွက် အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ရေကြည်မြို့နယ်ရုန်းတုန်းကျေးရွာက ကျော်မြင့်ဖြစ်ပြီး ဇွန် ၁၅ ရက်ညပိုင်းက အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ဦးခေါင်းဗုံး ထိမှန်သေဆုံးသွားတာလို့ ဆိုပါတယ်။

သေဆုံးသွားသူနဲ့ နီးစပ်သူတယောက်က “ကျော်မြင့်က ပြည်သူ့စစ်လုပ်ရတာကို အရမ်းတက်ကြွတာ။ စစ်မတိုက်ရဘူး၊ ဘာမှမဖြစ်ဘူး၊ လုပ်ပိုင်ခွင့်တွေ မနည်းရမှာဆိုပြီး အရပ်ထဲမှာတောင် စည်းရုံးခဲ့သူပေါ့။ အခုတော့ ဆုံးပြီး။ မနေ့က သူ့ကို စကစဘက်က အခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးတာ” လို့ ပြောပါတယ်။

ပြည်သူ့စစ်ကျော်မြင့်ကို စစ်ကောင်စီတပ်က အရာရှိတချို့အပါအဝင် ပြည်သူ့စစ်တွေက ဇွန် ၁၇ ရက်မှာ ရေကြည်မြို့အနီး တောင်လယ်သုသာန်မှာ သေနတ်ပစ်ဖောက်ကာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ် အခြေစိုက်စစ်ကောင်စီ အမြောက်တပ် အမတ ၃၄၄ အနီးမှာ စစ်ကောင်စီတပ်တွေကို AA နဲ့ PDF ပူးပေါင်းတွေကအပြင်းအထန် တိုက်ခိုက်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *