၁၀၂၇ စစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ အပါအဝင် ရှမ်းမြောက်ဒေသ မြို့နယ်ပေါင်း ၂၀ကျော် လက်လွှတ်ခဲ့ရသော်လည်း ရာထူး တိုးမြှင့်ခံခဲ့ရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးသည် ဇွန်လ ၁၁ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ တောင်းခမ်းစစ်မျက်နှာပြင်၌ လူလုံး ထွက်ပြခဲ့သည်။

နောင်ချိုမြို့နှင့်မိုင် ၂၀ နီးပါးအကွာ တောင်းခမ်းရွာအခြေစိုက် အမြောက်တပ် အမတ -၃၅၄ တပ်စခန်း၊ နောင်ချို(ဒုဋ္ဌ၀တီ) တံတားအနီးရှိ တာဖလန်းရဲကင်းစခန်းသို့ ရောက်စဉ် ရိုက်ကူးထားသည်ဆိုသည့် ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့်သူတို့က လူမှုကွန်ရက်ပေါ်တွင် မျှဝေခဲ့ကြသည်။

ရခိုင်နှင့်ကရင်ပြည်နယ်ရှိ စစ်စခန်းများ လက်လွှတ်ခံနေရချိန် စစ်ရေးအသာစီးရလာသည့် တောင်ခမ်း စစ်မျက်နှာပြင်၌ ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး ရုပ်လုံးထွက်ပြလာသည်မှာ ထူးခြားသည်ဟု နိုင်ငံရေး အကဲခတ်များက ဆိုသည်။

“ရမခတစ်ခုလုံး ကျသွားတော့ အရေးယူခံရတယ်ဆိုပြီး ပျောက်နေတာကြာပြီ။ အခုမှ ပြန်ပေါ်လာတာ။ ပြီးတော့ တောင်ခမ်း စစ်မျက်နှာကို သွားတယ်ဆိုတော့ ထူးဆန်းနေတယ်” ဟု နိုင်ငံ ရေးလေ့လာသူ တစ်ဦးက ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ် (TNLA) ၊ ဓနုတပ် (DPLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF ) ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်ခဲ့သည့် တောင်းခမ်းစစ်မျက်နှာကို စစ်တပ်က ဖေဖော် ဝါရီတွင် ပြန်လည်ထိုးစစ်ဆင်နေရာ ဇွန် ၅ ရက်နေ့တွင် ထိုးစစ်မှာ နောင်ချိုမြို့နှင့် ၉ မိုင်အကွာ ကံကြီးရွာအထိ ရောက်ရှိလာခဲ့သည်။

TNLAနှင့် မဟာမိတ်တပ်များက ကံကြီးရွာဘက်မှ ပြန်ထိုးစစ်ဆင်သဖြင့် ဇွန် ၈ ရက်နေ့တွင် ရွှေမုဋ္ဌောရွာအနီးသို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။

တပ်ဖွဲ့ဝင်များ အထိနာသွား၍ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကိုယ်တိုင် စစ်မြေပြင်သို့ လာရောက်အားပေးခြင်း ဖြစ်နိုင်သည်ဟု တောင်းခမ်းခံစစ်တွင် ပါဝင်နေသည့် ဓနုပြည်သူ့ လွတ်မြောက် ရေးတပ်ဦး (DPLF/DPLA) ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က မှတ်ချက်ပြုသည်။

“သူတို့ရဲ့ ရှေ့တန်းရဲဘော်တွေ စိတ်ဓါတ်မြှင့်တင်တာပေါ့ဗျာ။ ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ စိတ်ဓါတ်ကျအောင်ပေါ့” ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။

“တပ်ဖွဲ့ဝင်များ မထိခိုက်စေရေး၊ အရပ်သားများ မထိခိုက်ရေးနှင့် စစ်ပွဲအတွက် လက်နက်လိုသလောက် ရမည်” ဟု ဗိုလ်ချုပ်နိုင်နိုင်ဦးက ပြောခဲ့ကြောင်း တောင်ခမ်း စစ်မြေ ပြင်ရှိ စစ်ကောင် စီတပ်သား တချို့က ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်ထားကြသည်။

စစ်တက္ကသိုလ်(DSA) အပတ်စဉ် (၃၅) ကျောင်းဆင်း ဗိုလ်ချုပ် နိုင်နိုင်ဦးသည် အမှတ် (၅၅) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်အင်ဂျင်နီယာ ကျောင်းအုပ်ကြီး၊ စစ်ဦး စီးတက္ကသိုလ်ကျောင်းအုပ်နှင့် အရှေ့မြောက်တိုင်း စစ်ဌာချုပ်တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

လောက်ကိုင်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ဆက်ဆံရေးကောင်းခဲ့သည့် ဗိုလ်ချုပ်လှမိုးကို ကျားဖြန့် ခေါ် အွန်လိုင်း ငွေလိမ်လုပ်ငန်းကိစ္စနှင့် ဆက်စပ်၍ အနားပေးခဲ့ပြီး ဗိုလ်ချုပ် နိုင်နိုင်ဦးကို ရမခတိုင်းမှူးနေရာ ခန့်အပ်ခဲ့ သည်။

တိုင်းမှူးရာထူးဖြင့် ရောက်လာသည့် ဗိုလ်ချုပ်နိုင်နိုင်ဦးသည် ကစထ(၂)မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးနှင့် ပူးတွဲ၍ ရှမ်းမြောက်ဒေသကို ကိုင်တွယ်ခဲ့သည်။

၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ကာလတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ်နိုင်နိုင်ဦးက တာဝန်ယူထားသည်။

ချင်းရွှေဟော်၊ ကွမ်လုံ၊ ကြူကုတ် (ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံမြို့များကို ညီနောင် မဟာမိတ် သုံးဖွဲ့က ဆက်တိုက် သိမ်းပိုက်ခဲ့ပြီး သုံးလကျော်အကြာ ဇန်နဝါရီ ၅ ရက်နေ့တွင် ဒေသကွပ်ကဲ မှု ဌာနချုပ် (လောက်ကိုင်) မှ စစ်ဗိုလ်ချုပ်များ လက်နက်ချခဲ့သည်။

လက်နက်ချသူများတွင် ဒေသကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ဒေသ စစ်ကောင်စီ အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်း၊ အမှတ် (၁၄) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အေးမင်းဦး၊ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးနှင့် အရာရှိ စစ်သည် ၂၃၉၅ ဦး ပါဝင်ခဲ့သည်။

လက်နက်ချခဲ့သည့် စစ်ဗိုလ်ချုပ် ၆ ဦးအနက်မှ ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ်ဇော်မျိုးဝင်းတို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့ပြီး ကျန် ၃ ဦးကိုမူ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

သို့ရာတွင် အဆိုပါ တပ်ရင်းတပ်ဖွဲ့များအား ဦးစီးနေရသည့် ရမခတိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးကိုမူ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၂) စစ်ဆင် ရေးအထူးအဖွဲ့မှူး (ကစထ-၂ မှူး) အဖြစ် ရာထူးတိုးပေးလိုက်သည်။

ကစထ-၂ မှူးသည် ရှမ်းမြောက်ဒေသ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရှမ်းတောင်ပိုင်း တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရှမ်းတောင်ပိုင်း ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရှမ်းအရှေ့ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် အတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များအပါအဝင် ကယားပြည်နယ်အတွင်း ရှိ စစ်ဆင်ရေးနှင့် လုံခြုံရေးကိစ္စများ စီမံဆောင်ရွက်ရသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းကာလ ၂၀၂၄ ဩဂုတ်လ ၃ ရက်နေ့တွင် ကိုးကန့်တပ် MNDAA တပ်ဖွဲ့ က လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်လိုက်ချိန် ကစထ(၂)မှူး ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို တာဝန်မှအနားပေးလိုက်သည်ဟူသည့် သတင်းများထွက်ပေါ်ခဲ့သည်။

CDM ဗိုလ်ကြီးဇင်ယော်ကမူ စစ်တပ်၏ထုံးစံအရ ရာထူးတိုးအစမ်းကာလ တစ်နှစ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး မဖြစ်မီ စစ်ရုံးတွင်သာ ရုံးထိုင်နေခဲ့သည်ဟု သိရကြောင်း ပြောသည်။

ယခု တောင်းခမ်း စစ်မြေပြင်တွင်မူ ကစထ(၂)မှူးရာထူးဖြင့် ရောက်လာပြီး နောင်ချို စစ်မျက်နှာ အတွက် လိုအပ်ချက်များကို ကွပ်ကဲခဲ့သည်ဟု စစ်ကောင်စီဘက်မှ ဝါဒဖြန့်သူများက ဖော်ပြခဲ့ကြသည်။

စစ်တပ်တွင် ယခုကဲ့သို့ ရှေ့တန်းစစ်မြေပြင်အထိ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကိုယ်တိုင် ကွင်းဆင်းသည် မှာ မရှိသလောက်ဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“အရင်တုန်းက မရှိဘူးဗျ။ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရှေ့တန်းစစ်မျက်နှာပြင်ကိုလာ တာ ပထမဆုံးပဲ။ စိတ်ဓါတ်စစ်ဆင်ရေး လာလုပ်တယ်လို့ ယူဆရတယ်ပေါ့နော်။ ဒါမှ မဟုတ် မင်းအောင်လှိုင်က မင်းတို့ ဗိုလ်ချုပ်ကြီးတွေပါ တိုင်းတွေအလိုက် ကွပ်ကဲကြ ဆိုပြီးတော့ကြပ်တဲ့ အနေအထားမျိုးလည်း သုံးသပ်လို့ ရတယ်ခင်ဗျ” ဟု သူက ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်က “၁၀၂၇ စစ်ဆင်ရေးကာလ” သိမ်းပိုက်ခံခဲ့ရသည့် မြို့များကို ပြန်လည်ရယူမည်ဟု ကြုံးဝါးထားပြီးနောက် ရှမ်းမြောက်ဒေသ နောင်ချို၊ ရှမ်းတောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနှင့် မန္တလေးတိုင်း သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များကို ထိုးစစ်ဆင်နေ သည်။

ဖေဖော်ဝါရီလမှ ထိုးစစ်ဆင်လာသည့် တောင်းခမ်းရှိ စစ်ကောင်စီတပ်များတွင် တပ်မ (၁၁) လက်အောက် ခံ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ-၂၁၂၊ ခမရ-၂၁၃ တပ်ဖွဲ့ဝင်များပါဝင်ပြီး တောင်းခမ်း၊ ယာပြင် ကျေးရွာမှ နောင်ချိုမြို့သို့ ထိုးစစ်ဆင်လာခဲ့သည်။

အမတ -၃၅၄ ၌ အခြေပြုသည့် စကခ-၁၊ စကခ-၂၊ တမ-၅၅ ဦးဆောင်သည့် မဲပုတ်ရွာ စစ်ကြောင်းက မကျီးရေ-နောင်လင်ရွာမှ ဒုဋ္ဌ၀တီ ကမ်းပါးအတိုင်း နောင်ချိုကို ထိုးစစ်ဆင် နေသည်။

အဆိုပါစစ်ကြောင်းများသည် ကံကြီးရွာအားကျော်၍ နောင်ချိုမြို့နှင့် ၆ မိုင်ကျော်အကွာ နောင်ချိုကြီး၊ ဉာဏ်တောရွာအထိ ထိုးစစ်ဆင်ထားနိုင်သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူများက ဆိုသည်။

စစ်ကောင်စီ၏ ပြင်ဦးလွင်မှ နောင်ချိုမြို့သို့ ဦးတည်နေသည့် စစ်ကြောင်းများသည် အုမ္မသီးရွာဘက်မှ နောင်ချိုသို့ ဆက်လက် ထိုးစစ်ဆင်နေသည်။

TNLA တပ်ဖွဲ့၏ ဇွန်လ ၁၇ ရက်နေ့ထုတ်ပြန်ချက်အရ နောင်ချိုမြို့နှင့် ၁၂ မိုင်အကွာ အုမ္မသီးရွာနှင့် ရေမောင်းတန်းရွာအနီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ၉ လုံး ဒရုန်း ၂၆ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

နောင်ချိုမြို့သည် တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် မန္တလေး-မူဆယ်လမ်းပိုင်း ပေါ်တွင် တည်ရှိသည့် မြို့ဖြစ်သည်။

လူဦးရေ တစ်သိန်းခုနှစ်သောင်းကျော်ရှိသည့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲကြောင့် လူဦးရေ တစ်သိန်းကျော် ကျောက်မဲ၊ ပြင်ဦီးလွင်၊ မန္တလေး၊ တောင်ကြီး၊ ရပ်စောက် စသည့်မြို့များ နှင့် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြရသည်။

တရုတ်ဖိအားကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ ဧပြီ ၂၈ ရက်မှ ၂၉ ရက်အတွင်း စစ်ကောင်စီနှင့် တအာင်း အမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA) တို့တွေ့ဆုံချိန် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ TNLA တပ်များ ပြန်လည်ဆုတ်ခွာ ရန် စစ်ကောင်စီက တောင်းဆိုထားသည်။

TNLA နှင့်မဟာမိတို့ကမူ အဆိုပါမြို့များမှ ဆုတ်ခွာပေးမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထား ကြသည်။

စစ်တပ်၏ ဂုဏ်သိက္ခာအရ သိမ်းပိုက်ခံရသည့် မြို့များအား ပြန်တိုက်ယူနိုင်ရေးမှာ အရေးကြီးနေသဖြင့် စစ်ရေးအားသာနေသည့် နောင်ချိုစစ်မျက်နှာကို ပိုဖိအားပေးလာဖွယ်ရှိသည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

“ဒီပုဂ္ဂိုလ်က လားရှိုးတိုင်းမှူးလုပ်ခဲ့တော့ သူ့ကို လွှတ်တာပေါ့ဗျာ။ မင်းအောင်လှိုင် ယုံကြည်ရတဲ့သူလည်း ဖြစ်တာကိုး။ ဒါ့ကြောင့် လားရှိုးကျတာတောင် သူဘာမှ မဖြစ်တာ။ အခု တောင်းခမ်းက စစ်တပ်အတွက် အရေးကြီးနေတယ်။ ဖိဖိစီးစီး လုပ်လိမ့်မယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ဗိုလ်ချုပ် နိုင်နိုင်ဦး ရာထူးတိုးလာပြီး ကွပ်ကဲစီမံသည့် ထိုးစစ်ကြောင့် နောင်ချိုမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်သွားနိုင်လျှင် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် ချိတ်ဆက် ထားသည့် လမ်းကြောင်းကို တော်လှန်ရေးအဖွဲ့များ လက်လွှတ်ရမည်ဖြစ်သည်၊ ထိုသို့ ဆိုလျှင် TNLA ထိန်းချုပ်ဒေသ ကျောက်မဲ၊ နမ့်ဆန်မြို့များအထိ ရောက်သွားနိုင်သည့် စစ်ကောင်စီ၏ တောင်းခမ်းထိုးစစ် ဖြစ်သည်ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

အစွမ်းမပြနိုင်ခဲ့သော ဗိုလ်ချုပ် နိုင်နိုင်ဦး ရာထူးမှုနှင့် ဆင်တူသည့် ဖြစ်ရပ်မျိုး ယခုနှစ် ဖေဖော်ဝါရီက ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တွေ့ရှိခဲ့ရသည်။

ကိုးကန့်တပ်၏ စစ်သုံ့ပန်းဖြစ်ခဲ့သူ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးသည် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်မှ ဟိုပုံး တပ်နယ်မှူးအဖြစ် ပြန်တာဝန်ယူခိုင်းခဲ့ခြင်း ဖြစ်သည်။

စစ်မှုထမ်းအပတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲကို ဟိုပုံးမြို့နယ်တွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ရာ တွင် ၎င်းက လူလုံးထွက်ပြခဲ့ပြီး သင်တန်းအဖွင့် မိန့်ခွန်းပြောခဲ့သည် ဟု စစ်ကောင်စီသတင်းစာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *