တနင်္သာရီမြို့ ရမ်းဖိုရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ် ၊ ရမ်းဖိုရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများရှိကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့ထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များသည် တနင်္သာရီ မြို့နယ် ၊ရမ်းဖိုကျေးရွာ တွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ယမန်နေ့ ဇွန် ၁၈ ရက်နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“ရမ်းဖိုရွာ မှာတပ်စွဲဖို့လာတာက အင်အား ၁၀၀ လောက်ရှိတယ်။ မြိတ်ကနေ တက်လာပြီး ခမရ – ၅၅၆ ဇဝဲတပ်ရင်း ကိုအရင်ဝင်တယ်။ ဇဝဲတပ်ရင်း ကနေပြီး မှ ရမ်းဖို ရွာ မှာ လမ်းကင်းယူရင်း တပ်လာစွဲတာပေါ့။ ရိက္ခာကားတွေ တက်ဖို့ရှိတော့ ကြိုတင်လမ်းကင်းလာယူထားတယ်။ လမ်းကင်း လာယူ တာက ဇွန်လ ၁၇ ရက်နေ့ကတည်းကပေါ့။ အခု ဆိုသုံးရက်ရှိပြီ။ အရင်ဆုံးတပ်လာစွဲတဲ့ နေ့ကလည်း မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်သေးတယ်။ မနေ့ကတော့ ချောင်းပြီး သွားပစ်တာဖြစ်တယ်”ဟု ဗိုလ်ခရင်း တပ်ဖွဲ့ မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် နငယ်က ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူ များပြားကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့ ၊ KNLAတပ်ရင်း(၁၁)နှင့် မြိတ်ပကဖအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပုံစာ- ဗိုလ်ခရင်းတပ်ဖွဲ့ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *