အကျဉ်းထောင်ကို ဖောက်ထွက်ပြေးတဲ့တရုတ်တစ်ဦးကို “ဝ” ရဲတပ်ဖွဲ့ သေဒဏ်ပေး

“ဝ”အကျဉ်းထောင်ကနေ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ အကျဉ်းသားတစ်ဦးကို “ဝ” ရဲတပ်ဖွဲ့က ပြန်ဖမ်းဆီးမိပြီးနောက် “ဝ”ပြည်နယ်တရားစီရင်ရေးကော်မတီကနေ သေဒဏ်ချက်ချင်းပေးခဲ့တာလို့ Wa News Land က ဝ အထူးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြလာပါတယ်။

ထောင်ဖောက်ထွက်ပြေးခဲ့သူဟာ ဝမ်ဆိုတဲ့ တရုတ်အမျိုးသားလို့ သတင်းက ဆိုပြီး ဇွန် ၁၇ ရက်မှာ သေဒဏ်ပေးခဲ့တာလို့ သိရပါတယ်။

ဝမ်ဟာ အကျဉ်းခံနေရချိန်အတွင်း တခြားအကျဉ်းသားတွေကိုလည်း ထွက်ပြေးဖို့စည်းရုံးခဲ့တယ်လို့ “ဝ”သတင်းက ဆိုပါတယ်။

ဝမ်ဟာ ဖောက်ထွင်းမှု၊ အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ပြစ်မှု စတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာကြောင့်၂၀၂၃ ခုနှစ် ဇူလိုင်လကတည်းက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဝ အထူးရဲတပ်ဖွဲ့က ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အမျိုးသားဟာ တရုတ်အမျိုးသားလို့ဆိုတာကြောင့် တရုတ်နိုင်ငံသား ဆိုတာ ရှင်းရှင်းလင်းလင်း သိရအောင် ဝ အဖွဲ့ ဆက်ဆံရေးအရာရှိ ဦးညီရမ်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အတည်ပြုပေးခြင်းတော့ မရှိပါဘူး။

ဒါပေမဲ့ သေဒဏ်စီရင်ခဲ့တဲ့အပေါ် ဦးညီရမ်းက “ကျနော်တို့က ပြစ်မှုကျူးလွန်သူ ရာဇဝတ်သားတွေကို လူမျိုးခွဲခြားမှုမျိုးမရှိဘဲ “ဝ”ပြည်တည်ဆဲဥပဒေနဲ့အညီ စီရင်ချက်ချလေ့ရှိပါတယ်” လို့တုံပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း အသက်အပြည့်သေးတဲ့ ကလေးငယ်တွေကို အဓမ္မပြုကျင့်ခဲ့တဲ့အမျိုးသား ၂ ဦးကို “ဝ”ပြည်နယ်တရားစီရင်ရေးကော်မတီကနေ သေဒဏ်ပေးခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *