သာကေတနှင့် မြောက်ဥက္ကလာပတွင် စစ်အုပ်စု၏ ဌာနဆိုင်ရာနှင့် လုံခြုံရေးယူထားသည့်နေရာများဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သာကေတနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဌာနဆိုင်ရာရုံးနဲ့ လုံခြုံရေးချထားရာနေရာတွေကို ဇွန် ၁၈ရက် (မနေ့ညပိုင်း) မှာ ကိုယ်စီ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာမြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက ပြောပါတယ်။

ဇွန်လ ၁၈ ရက်၊ ယမန်နေ့ည ၇ နာရီ မိနစ်၂၀ အချိန်က စစ်ကောင်စီအလိုကျ အလုပ်လုပ်ပေးနေတဲ့ သာကေတမြို့နယ်၊ မြို့နယ် ဥပဒေရုံးကို ပြင်းအားမြင့် မိုင်းတွေနဲ့သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို Freeland Attack Force (FLA) နဲ့ Anonymous Fighters Force (AFF) တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အခင်းနေရာကနေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မိုင်းခွဲတိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဂတ်(စ်) ဆိုင်မီးပွိုင့်ကနေ အမှတ် ၁ ရဲစခန်းရှိရာအထိ မြင်တော်သာလမ်းမကြီးတလျှောက် လမ်းပိတ်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

“မိုင်းတွေပဲသုံးခဲ့တာပါ။ အသေးစိတ်က ပြောမရပါဘူး။ အခြေအနေကတော့ လမ်းမကြီးကိုပိတ်ချပြီး စစစ်တယ် ၊ သာကေတ တချို့ရပ်ကွက်ထဲ ဧည့်စာရင်းစစ်တာတွေ လုပ်တယ်။ စစ်တပ်ဘက် အထိအခိုက်ကတော့ အခုထိမသိရသေးဘူး” လို့ Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အလားတူ အဲ့ဒီနေ့ ည ၁၀ နာရီကျော်အချိန်မှာလည်းမြောက်ဥက္ကလာပမြို့နယ်၊ မြို့နယ်ခန်းမအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိရာကို မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ က လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။

“လက်ပစ်ဗုံးတွေက ဘန်ကာထဲအထိကျလို့ ရဲ ၂ကောင် ထိတယ်လို့ သိထားပါတယ်။ အခုမနက်လည်း အဲ့နား ပြည်သူတွေ အသွားအလာနည်းသွားတယ်။” လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အထက်ပါမြို့နယ်တွေဟာ ရန်ကုန်တိုင်းအတွင်းစစ်အုပ်ချုပ်ရေးယန္တရား အားကောင်းရာ မြို့နယ်တွေဖြစ်ပြီး အရပ်သားလူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးခံရမှု နေ့စဥ်နဲ့အမျှရှိနေတဲ့ မြို့နယ်တွေလည်း ဖြစ်ပါတယ်။

ပုံစာ – လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရသည့် မြောက်ဥက္ကလာပ မြို့နယ်ခန်းမနှင့် လက်ပစ်ဗုံးများ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *