စစ်ကောင်စီက ကျောင်းနှင့် ဌာနဆိုင်ရာရုံးများ ဆက်လည်ပတ်ရန် ဖိအားပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်သို့ အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များ နီးကပ်လာနေသော် လည်း၊ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများကို ဆက်လက်ဖွင့်လှစ်ရန် ဖိအားပေးနေကြောင်း မြို့ခံများထံမှ သိရသည်။

“စာသင်ကျောင်းတွေကိုဆက်ဖွင့်တုန်းပဲ။ ကျောင်းဆရာ၊ ဆရာမတွေကတော့ ပညာရေးမှူးဘက်က၊ ကျောင်းတက်ဖို့ပြောလို့တဲ့ ကလေးတွေကျောင်းတက်ရမယ်။ ရုံးတွေက အတက်အဆင်းတွေရှိနေတယ်။ ဖွင့်ထားတယ်၊ တက်ရဲတဲ့သူလည်းရှိသလို မတက်ရဲတဲ့သူတွေကလည်း မတက်ရဲဘူးပေါ့၊ ဒါပေမယ့်ရုံးတက်ဖို့အထက်က ပြောနေတယ်တဲ့”ဟု ကျောက်ဖြူမြို့သတင်းရင်းမြစ်တဦးက ပြောသည်။

ဇွန်လ ၁၅ ရက်က ကျောက်ဖြူမြို့လေဆိပ်မှ ကိုက် ၂၀၀ အကွာတွင် AA ၏ လက်နက်ကြီးကျည်တလုံး ကျရောက် ပေါက်ကွဲခဲ့သည်။ လေဆိပ်နှင့် ခလရ (၃၄) အကြား AA ၏ ထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီတပ်သားများသည် ဇွန်လ ၁၆ ရက်တွင် လေယာဉ်ကွင်းအနီး လုံခြုံရေးကို တင်းကြပ်ထားသည့်အပြင်၊ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) သို့လည်း အင်အားဖြည့်တင်းထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

လေဆိပ်အနီးတဝိုက်တွင် စာသင်ကျောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရုံး၊ ခရိုင်တရားရုံး၊ အကျဉ်းထောင်၊ အဝေးပြေးကားဂိတ်နှင့် နပခ လက်အောက်ခံ အမှတ် (၃၄) ခြေလျင်တပ်ရင်းတို့ ရှိသည်။

တိုက်ပွဲများ မြို့ပေါ်သို့ နီးကပ်လာသည့်အတွက် မြို့ခံများ စိုးရိမ်ထိတ်လန့်နေကြပြီး၊ ဇွန်လ ၁၆ ရက်မှ ယနေ့ (ဇွန်လ ၁၉ ရက်) အထိ ရသည့်နည်းဖြင့် မြို့ပေါ်မှ ထွက်ပြေးနေကြသည်ဟု ကျောက်ဖြူမြို့ပေါ် ရပ်ကွက်နေထိုင်သူတဦးက ပြောသည်။

“မြို့ပေါ်ကထွက်ပြေးတဲ့သူတွေအများကြီး ရတဲ့နေရာကထွက်ပြေးကြတာ ကုန်းပေါ်တကြောအဝေးပြေးကားဂိတ်တွေလည်းပိတ်ထားတယ်။စစ်ကောင်စီကဂိတ်တွေပိတ်ထားတယ်လေ သူတို့နည်းသူတို့ဟန်နဲ့ ကုန်းပေါ်တကြောနဲ့ရေလမ်းကနေ ပြေးတာပေါ့။လေယာဉ်ကွင်းကအခုလောလောဆယ်ပြေးဆွဲတာရှိသေးတယ်၊နောက်ပိတ်ရင်ပိတ်မှာပေါ့ မနေ့ကတောင် ကျောက်ဖြူကနေမကွေးကိုတစီးသွားတယ် ဆိုင်ရာပိုင်ရာတွေနဲ့ ထောက်ခံစာပါရင် လေယာဉ်နဲ့သွားလို့ရ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် မြို့အဝင်အထွက်များကို သွားလာရန် ကန့်သတ်ထားသော်လည်း၊ တောလမ်း၊ ရေလမ်းများတွင် လမ်းပြပွဲစားများနှင့် ထွက်ပြေးနေရသည်ဟု သိရသည်။ ရန်ကုန်သို့ လေကြောင်းခရီးသွားလာလိုသူများအတွက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်မှစ၍ လေဆိပ်အဝင်အထွက်ကို တင်းကြပ်ကန့်သတ်ထားပြီး၊ ထောက်ခံစာမရှိပါက ခရီးသွားလာခွင့် မပြုကြောင်း သိရသည်။

လေယာဉ်လက်မှတ်ဝယ်ယူရန် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးရုံး၏ ထောက်ခံစာအဆင့်ဆင့်လိုအပ်ပြီး၊ နာမကျန်းဖြစ်သူများကိုသာ စိစစ်ပြီး ခွင့်ပြုသည်ဟု သိရသည်။ သို့သော် စစ်ကောင်စီနှင့် နီးစပ်သူများနှင့် ငွေကြေးကြွယ်ဝသူအများစုမှာ လေကြောင်းထွက်ခွာခွင့် ရရှိကြောင်း ဒေသခံများက ဆိုသည်။

ဇွန်လ ၁၆ ရက်အထိ ကျောက်ဖြူမြို့လေဆိပ်အနီးသာမက၊ ရဲတပ်ရင်း (၃၂) အနီး ပြိုင်းစေ့ကေကျေးရွာနှင့် ဓညဝတီရေတပ်ဌာနချုပ်သို့ သွားသည့် သစ်ပုတ်တောင်လမ်းခွဲတွင် တိုက်ပွဲများ ပြင်းထန်နေသည်။

AA အနေဖြင့် ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် မြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး၊ ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကို ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းနေသည်။


Leave a Reply

Your email address will not be published. Required fields are marked *