AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ရဲ့ “သူပုန်ဖြူ”ကဗျာစာအုပ်လေလံတင်မှု အမေရိကန်ဒေါ်လာ ၅၀၀၀ အထိရရှိနေ
အာရက္ခတပ်တော်(AA)ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားထုတ်ဝေတဲ့ “သူပုန်ဖြူ” ကဗျာစာအုပ်လေလံတင်မှုမှာ အမေရိကန်ဒေါ်လာ ၅၀၀၀ အထိရရှိနေပြီလို့ သိရပါတယ်။
သူပုန်ဖြူကဗျာ စာအုပ်ကို လေလံတင်ရာမှာ မနေ့က ဇွန်လ (၂၀) ရက်နေ့က ကဗျာစာအုပ် အမှတ်စဉ် (၀၀၆၆၆)ကို ပရိသတ်တစ်ယောက်က အမေရိကန်ဒေါ်လာ ၅၀၀၀ နဲ့ဝယ်ယူအားပေးပြီး “သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ”အရှိန်ကို မြှင့်တင်ပေးလိုက်တယ်လို့ “သူပုန်ဖြူ” ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဖော်ပြထားပါတယ်။

အဲဒီကဗျာစာအုပ်ကို ပြီးခဲ့တဲ့ မေလတတိယပတ်မှာ စတင်ရောင်းချခဲ့ရာ ပရိသတ်တစ်ယောက်က မေလ ၂၃ ရက်မှာ အမေရိကန်ဒေါ်လာ တစ်ထောင်နဲ့ ကဗျာစာအုပ် အမှတ်စဉ် (၁၁၅၄၃) ကိုစတင်ဝယ်ယူပြီး ပထမဆုံး လေလံစဆွဲခဲ့တယ်လို့ သိရပါတယ်။
“သူပုန်ဖြူကဗျာ” စာအုပ်ကို လေလံဆွဲပွဲမှာ နောက်ထပ်လည်း လွတ်လပ်စွာ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
လက်ရှိမှာ အဲဒီကဗျာစာအုပ်ကို မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံအချို့မှာ ဝယ်ယူအားပေးသူများတဲ့အတွက် အုပ်ရေ တစ်သောင်းထုတ်ဝေမယ်လို့ စဉ်းစားထားပေမဲ့ ကြိုတင်မှာယူတဲ့စာရင်းတွေအရ အုပ်ရေ တစ်သောင်းလေးထောင်အုပ်အထိ တိုးမြှင့်ထုတ်ဝေခဲ့ရတယ်လို့ ဆိုပါတယ်။

သူပုန်ဖြူကဗျာပရိသတ် ကိုလင်းနိုင်ချေက “သူပုန်ဖြူစာအုပ်က လက်ရှိတော်လှန်ရေးဖြတ်သန်းနေရတဲ့ကာလနဲ့ ပြည်သူတွေခံစားနေရတဲ့ ခံစားချက်နဲ့ ကဗျာ၏အနှစ်သာရက တစ်ထပ်တည်းကျတယ်။ အဲဒီအတွက်ကြောင့် အားလုံးရဲ့ရင်ထဲကို သူပုန်ဖြူကဗျာ စာအုပ်ရောက်သွားတယ်။ ဒါကြောင့် စိတ်ဝင်စားဖို့ကောင်းတယ်”လို့ ပြောပါတယ်။
စာအုပ်ပါကဗျာတွေကို ရခိုင်၊ မြန်မာနှစ်ဘာသာနဲ့ ဖော်ပြထားပြီး ကဗျာပုဒ်ရေ ၄ဝ လောက်ပါဝင်ပါတယ်။
အဲဒီကဗျာတွေကို တော်လှန်ရေးကာလဖြတ်သန်းခဲ့ရတဲ့ စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ရေးဖွဲ့ထားတာပါ။
ဓာတ်ပုံ – သူပုန်ဖြူ


Leave a Reply