တော်လှန်ရေးရဲဘော်၏ မိဘနေအိမ်ကို ဘတ်ဟိုးဖြင့် ဖြိုချခဲ့ပြီး အစ်မနှင့်ယောက်ဖဖြစ်သူကိုဖမ်းဆီး

ရေဖြူ ပယရွာတွင် တော်လှန်ရေးရဲဘော်၏ မိဘနေအိမ်ကို မောရဝတီရေတပ်က ဘတ်ဟိုးဖြင့် ဖြိုချခဲ့ပြီး အစ်မနှင့်ယောက်ဖဖြစ်သူကိုဖမ်းဆီး

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာရှားကုန်းရှိ တော်လှန်ရေး ရဲဘော်တစ်ဦး၏ မိဘများနေအိမ်ကို ပြီးခဲ့သည့် ဇွန် ၁၉ ရက် နံနက် ၉ နာရီခန့်တွင် မောရဝတီရေတပ်က ဘတ်ဟိုးဖြင့် လာရောက်၍ ဖြိုချဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ဘတ်ဟိုးဖြင့် လာရောက်ဖြိုချဖျက်ဆီးခဲ့သော ပယရွာရှားကုန်းရှိ နေအိမ်မှာ တော်လှန်ရေးရဲဘော်တစ်ဦး၏ ဖခင်ဖြစ်သူ ဦးညွန့်လွင်ပိုင်ဆိုင်သည့် တစ်ထပ်တိုက်နေအိမ်ဖြစ်ကြောင်း သိရသည်။

“နံနက် ၆ နာရီ ကျော်လောက်မှာ ကံပေါက်ကနေပြီး သူတို့(စစ်ကောင်စီ) တပ်ကား ခုနှစ်စီးရောက်လာ တယ်။ အဲဒီ ခုနှစ်စီးမှာ ဘတ်ဟိုးတင်လာတဲ့ မြေတင်ကားကတစ်စီးပါတယ်။ ၉ နာရီ လောက်မှာ အဲဒီ အိမ်ကို ဘတ်ဟိုးနဲ့ လာဖြိုချသွားတာပဲ” ဟု ရှားကုန်း ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းကလည်း အဆိုပါ ရှားကုန်းနေအိမ်တွင် တော်လှန်ရေးရဲဘော်၏ မိဘများကို လာရောက်ဖမ်းဆီးခဲ့ရာ တွေ့ရှိခြင်း မရှိသဖြင့် ၎င်း၏ အစ်မနှင့်ယောက်ဖဖြစ်သူ နှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် တော်လှန်ရေးရဲဘော်၏ အစ်မနှင့်ယောက်ဖဖြစ်သူတို့ကို ပယရွာစစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် သုံးရက်ကျော်ကြာ စစ်ဆေးပြီးနောက် ဇွန်လ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မောရဝတီရေတပ် သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

“မျက်လုံးကိုပိတ်ပြီး ဟိုက်ဂျက် ကားနဲ့တင်သွားတာ။ ပယရွာ စစ်ဆေးရေးဂိတ်ကနေ မောရဝတီ ရေတပ်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ပယရွာလယ်ရှိ ရွှေမိုးညို ဘုရားအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်း သုံးခု တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဒေသခံများကို ဆက်တိုက်ဖမ်းဆီးမှုများပြုလုပ်လာခြင်းကြောင်း သိရသည်။

ပုံစာ- ပယရွာလယ် လမ်းမတန်း တစ်နေရာအားတွေ့ရစဥ် (ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *