စစ်ကောင်စီမှ အသွင်ပြောင်းပြီး အသစ်ဖွဲ့စည်းလိုက်သည့် စစ်ကော်မရှင် (နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်) တွင် အတွင်းရေးမှူးတာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ သားဖြစ်သူ ထက်ရဲနောင် သည် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ပြပြီးနောက် သင်တန်းဆင်းခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ထံမှ သိရသည်။
၎င်းသည် ရှမ်းပြည်နယ် ဗထူးတပ်မြို့ မှ ဗိုလ်သင်တန်းကျောင်း(ဗထူး) ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃) သင်တန်းကို တက်ရောက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းပွဲကို ယမန်နေ့ (ဇူလိုင် ၃၁ ရက်) တွင် ပြုလုပ်ခဲ့သည်။
ထိုသင်တန်းဆင်းပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီးတို့လည်း တက်ရောက်ခဲ့သည်။
ထက်ရဲနောင် နှင့်အတူ ရခိုင်ပြည်နယ်ဝန်ကြီးတဦး၏ သားတဦးလည်းပါဝင်ကြောင်း ကြားသိရသော်လည်း အတည်မပြုနိုင်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ပြောဆိုသည်။

“နှစ်ယောက်စလုံးက နာမည်စာရင်းပဲပေးပြီးတော့ သင်တန်းရိပ်သာမှာပဲနေတယ်။ သူတို့မှာ အကူ တပ်ကြပ်ကြီးတွေလည်းပါတယ်။ သူတို့အဲ့ဒီမှာ အေးအေးဆေးဆေးပဲနေတယ်။ သင်တန်းအတက်ပဲပြတယ်” ဟု MDSI စစ်ဘက် သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပြောသည်။
ပညာအရည်အချင်း ကောင်းမွန်သူများကို ဗထူးဗိုလ်သင်တန်းကျောင်းပို့ပြီး၊ သင်တန်းဆင်းပြီးသူများကို ဒုတပ်ကြပ်အဆင့်ပေးကာ လက်ရုံး၊ ပညာသင်၊ ဆက်သွယ်ရေးစသည့် တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရလေ့ရှိကြောင်း သိရ သည်။ သို့သော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ သားဖြစ်သူ ထက်ရဲနောင်သည် အမည်စာရင်းသာရောက်သော်လည်း အမှန်တကယ် တာဝန်ထမ်းဆောင်ရမည်မဟုတ်ကြောင်း ကိုနောင်ရိုးက ဆိုသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းများတွင် စစ်ဗိုလ်ချုပ်ကြီး သားသမီးများ မပါဝင်ကြောင်း ဝေဖန်မှုများရှိနေချိန်တွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တဦး၏ သားဖြစ်သူက စစ်မှုထမ်းသင်တန်း အတက်ပြနေခြင်းဖြစ်ပြီး၊ စစ်မှုထမ်းသင်တန်းဆင်း ပြီး သာမာန်ပေါ်တာဆွဲခံထားရသူများ ရှေ့တန်းတိုက်ပွဲပို့ခံရချိန်တွင် ၎င်းတို့သည် တိုက်ပွဲမရှိသည့်နေရာများတွင်သာ တာဝန်ကျမည်ဖြစ်ကြောင်းကိုလည်း အခြားသတင်းရင်းမြစ်တဦးက ပြောသည်။
ထက်ရဲနောင်သည် ပြီးခဲ့သည့် မတ်လ ၁ ရက် ရန်ကုန်မြို့၊ တာမွေမြို့နယ် ရွှေထွဋ်တင်ဝင်းအတွင်းရှိ Hexagon Complex ခန်းမတွင် နှစ်ရက်တိုင် ကျင်းပပြုလုပ်ခဲ့သည့် ဟစ်ဟော့ (၂၅) နှစ်ပြည့် Noid Music Festival ပွဲ စီစဉ်မှုတွင် ပါဝင် ခဲ့သည်။
ထို့ပြင် ထက်ရဲနောင်သည် စစ်တပ်ထောက်ခံသူ အဆိုတော်ယုန်လေး နှင့်လည်း ခင်မင်ရင်းနှီးသူတဦးဖြစ်ကြောင်း သိရသည်။
ထက်ရဲနောင်သည် အာဏာသိမ်းစကာလတွင် ၎င်းအား BoyCott ( သပိတ်မှောက်) ခဲ့သဖြင့် ပွဲကျင်းပပြုလုပ်ခြင်းများ ခဏတာ နားထားခဲ့သော်လည်း ၂၀၂၃ ခုနှစ်ခန့်မှစတင်ကာ ပွဲများအား ပြန်လည်ကျင်းပနေခြင်းဟု ဆိုသည်။
လက်ရှိတွင် စစ်မှုထမ်းသင်တန်းတက်ကာ သင်တန်းဆင်းလာခြင်းဖြစ်သည်။
၎င်း၏ ဖခင်ဖြစ်သူ စရဖအရာရှိချုပ်၊ စစ်ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံတဦးအဖြစ် စစ်တပ်အသိုင်းအဝိုင်းအတွင်း လူသိများသည်။
၂၀၂၄ ခုနှစ်တွင် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး အပါအဝင် လက်ရှိ စစ်ဘက်မှ အရပ်ဘက်ပြောင်းကာ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခံရသည့် ဒုဗိုလ်ချုပ်ကြီးညိုစော နှင့် စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် တို့ကို ဗိုလ်ချုပ်ကြီး ရာထူး တိုးပေးခဲ့သည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကောင်စီတွင်လည်း တွဲဖက်အတွင်းရေးမှူးဖြစ်ခဲ့ပြီး ကာလုံသို့ အာဏာပြန်လွှဲပြောင်းပြီးနောက်တွင်လည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး တွဲဖက်အမှုဆောင်ချုပ်၊ စစ်ကော်မရှင်တွင် အတွင်းရေးမှူး တာဝန်များ ထပ်မံပေးအပ်ခံထားရသည်။


Leave a Reply