ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုကို တရားဝင်လက်လွှတ်လိုက်ရ​ကြောင်း ဝန်ခံသည့် အနေဖြင့် ‌အရေးပေါ်အ​ခြေအ​နေ စစ်အုပ်ချုပ်ရေး ကြေညာ

ရခိုင်ပြည်နယ်ရှိ စစ်​ကော်မရှင်က လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြို့နယ် ၁၄ခုကို အ​ရေး​ပေါ်အ​ခြေအ​နေအဖြစ်သတ်မှတ်ကာ စစ်အုပ်ချုပ်​ရေး ​ကြေညာခဲ့​ကြောင်း သိရသည်။

‎စစ်ကော်မရှင်က လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေအချို့နှင့် လက်လွှတ်ရလုနီးပါး စစ်ရေးပြင်းထန်နေသည့် နယ်မြေများကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းအသီးသီးရှိ မြို့နယ် ၆၃ခုကို အ​ရေး​ပေါ်အ​ခြေအ​နေသတ်မှတ်ပြီး စစ်အုပ်ချုပ်​ရေးပြုလုပ်ရန် ​ကြေညာချက်ကို ယမန်​နေ့ ဇူလိုင် ၃၁ရက်​နေ့တွင် စစ်​ကော်မရှင်ကထုတ်ပြန်သည်။

“စစ်တပ်က လက်လွှတ်ထားရတဲ့နယ်​မြေ​တွေကကို အအ​ရေး​ပေါ်စစ်အုပ်ချုပ်​ရေး​ကြေညာတာမှာ စိုးရိမ်စရာရှိတာက ​လေ​ကြောင်းပဲ။ သူတို့​ခြေချခွင့်​တောင်မရတဲ့နယ်​မြေ​တွေကို စစ်အုပ်ချုပ်​ရေးစနစ်နဲ့ လာအုပ်ချုပ်ဖို့မဖြစ်နိုင်ဘူး။ ​လေ​ကြောင်းက​နေဝင်ပြီး ​ဒေသ​နေပြည်သူ​တွေကို ပစ်မှတ်ထားမှာပဲစိုးရိမ်ပါတယ်” ဟု ​တောင်ကုတ်​ဒေသခံတစ်ဦးက ​ပြောသည်။

ထုတ်ပြန်ချက်တွင်ပါဝင်သည့်မြို့နယ်များကို အ​ရေး​ပေါ်အ​ခြေအ​နေသတ်မှတ်​ကြောင်း ယာယီသမ္မတရာထူးဖြင့် ထုတ်ပြန်ပြီး တိုင်းမှူးများ စစ်အုပ်ချုပ်​ရေးအာဏာကျင့်သုံးရန် ကာကွယ်​ရေးဦးစီးချုပ်ရာထူးဖြင့် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က ထုတ်ပြန်လာသည်ကို ​တွေ့ရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇မြို့နယ်တွင် စစ်​ကော်မရှင် စိုးမိုးထားသည့် စစ်​တွေနှင့် မာန်​အောင်မြို့နယ်နှစ်ခုနှင့် စစ်​ရေးတင်းမာ​နေသည့် ​ကျောက်ဖြူတို့ကို ချန်လှပ်ကာ လက်လွှတ်ဆုံးရှုံးထားရသည့် မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်​ရေးအဖြစ် ထုတ်ပြန်လာသည်။

ရမ်းဗြဲ၊ ​ပေါက်​တော၊ ပုဏ္ဏားကျွန်း၊ ရ​သေ့​တောင်၊ ဂွ၊ ​မောင်​တော၊ ဘူးသီး​တောင်၊ ​ကျောက်​တော်၊ မင်းပြား၊ ​မြေပုံ၊ ​မြောက်ဦး၊ သံတွဲ၊ အမ်း၊ ​တောင်ကုတ်မြို့နယ်တို့ကို ဆိုင်ရာ စစ်တိုင်းမှူးက စစ်အုပ်ချုပ်​ရေး အာဏာကျင့်သုံးရန် စစ်​ခေါင်း​ဆောင်က ညွှန်ကြားလာခြင်းဖြစ်သည်။

စစ်အုပ်ချုပ်​ရေး​ကြေညာသည့် ၁၄ မြို့နယ်လုံးသည် အာရက္ခတပ်တော် (AA) တပ်ဖွဲ့များက အလုံးစုံ ထိန်းချုပ်မှုယူထားပြီး ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းသည် စစ်ခေါင်းဆောင်အနေဖြင့် အဆိုပါမြို့နယ်များကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်းမရှိကြောင်း ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

လက်ရှိ​ကျောက်ဖြူမြို့နယ်တွင်လည်း စစ်​ရေးတင်းမာသည့်အ​ခြေအ​နေဖြစ်ပြီး စစ်​ကော်မရှင် အာဏာတည်ခိုင်းထားသည့် တိုင်းမှူးများ၏ မည်သည့် အမိန့်အာဏာမျှမသက်​ရောက်သည့်နယ်​မြေများလည်းဖြစ်​ကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *