ကြားဖြတ်တိုက်ခိုက်နေသော်လည်း ထိခိုက်မှုများစွာဖြင့် စစ်ကော်မရှင်၏ စစ်သင်္ဘော ၁၂ စင်း ဗန်းမော်သို့ လက်နက်နှင့် ခဲယမ်းများ ပို့ဆောင်
မန္တလေးမှ ထွက်ခွာလာသော စစ်ကော်မရှင်၏ စစ်သင်္ဘော ၁၇ စင်းအနက် ၁၂ စင်းမှာ တော်လှန်ရေးပူးပေါင်းတပ်များ၏ ပြင်းထန်သော ကြားဖြတ်တိုက်ခိုက်မှုများကြားမှ ဗန်းမော်မြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့ ကမ်းနားသို့ ရောက်ရှိလာသော အဆိုပါစစ်သင်္ဘောများသည် သြဂုတ်လ ၁ ရက်နေ့ ညပိုင်းက လက်နက်၊ ခဲယမ်းများ အတင်အချပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
“စစ်သင်္ဘော ၁၂ စင်း ဗန်းမော်ကို ရောက်လာတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန် နေတဲ့ကြားက ရောက်သွားတာပါ” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယမန်နေ့က ရွှေကူမှ ထွက်လာသည့် စစ်ရေယာဉ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဆီးကြို တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သလို လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကော်မရှင်၏ စစ်သင်္ဘော လေး စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း စစ်သင်္ဘော ငါး စင်းကို ကြားဖြတ်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒေသတွင်း သတင်းဌာန များသို့ ပြောကြားခဲ့သည်။
စစ်ကော်မရှင်သည် စစ်ရေးတင်းမာနေသည့် ဗန်းမော်မြို့တွင်းသို့ လူအင်အား၊ လက်နက်၊ ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်ခဲ့ပြီး တပ်နယ်အတွင်းမှ စစ်တပ်မိသားစုဝင်အချို့ကို ပြန်လည်ခေါ်ဆောင်သွား ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပုံစာ-မန္တလေးမှ ထွက်ခွာလာသည့် စစ်သင်္ဘောအုပ်စုကို ပူးပေါင်းတော်လှန်ရေး အဖွဲ့များက ဧရာဝတီပူးပေါင်းစစ်ကြောင်း အဖြစ် တိုက်ခိုက်နေသည့်မြင်ကွင်း။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်၊ ရိက္ခာများနှင့် စစ်ကူအင်အားများ လာရောက်ဖြည့်တင်းသည့် စစ်သင်္ဘောများ ရောက်ရှိသွားပြီဖြစ်ကြောင်း ကချင်အမျိုးသားလွတ်လပ်ရေးတပ်တော် (KIA )ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဧရာဝတီမြစ်ကြောင်းတလျောက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်သင်္ဘောတချို့ကို ဖျက်ဆီးနိုင်ခဲ့သော်လည်း လေကြောင်း ပစ်ကူများကာရံ၍ ယမန်နေ့ညနေပိုင်းတွင် ဗန်းမော်ကိုရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီးနော်ဘူက “အားလုံး လမ်းမှာ ရပ်သွားတဲ့၊ ပျက်စီးသွားတဲ့ သင်္ဘောတော့ ၆ စီးပေါ့။ ငါးဘတ်ကြီးအောက်ဘက်မှာ ဇင်းဘုံအောက်ဘက်မှာ ပျက်စီးသွားတာတော့ ၅ စီး။ မနေ့ညနေ စင်းခန်း၊ မြလယ်မှာ ပျက်စီးသွားတဲ့ မြုပ်သွားတဲ့ သင်္ဘောကြီး တစီးဆိုတော့ အားလုံး ၆ စီး။ အခုလောလောဆယ် ကျနော်တို့ကတော့ အဲဒီလိုပဲ မှတ်တမ်းတင်ထားတာ “ဟုပြောသည်။
စစ်သင်္ဘောများသည် ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်ကတည်းက ရွှေကူမှ ဗန်းမော်မြို့သို့ အသုတ်လိုက် ၁၇ စီး ဆန်တက်လာခဲ့ခြင်း ဖြစ်ရာ သင်္ဘော၆ စီးပျက်စီးသွားသောကြောင့် ၁၁ စီး ဗန်းမော်သို့ ရောက်ရှိနိုင်ကြောင်းခန့်မှန်းရပြီး ယမန်နေ့ညပိုင်း ကုန်တင်၊ ကုန်ချပြုလုပ်ခဲ့သည်ကို သိရှိခဲ့ရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းကစတင်ခဲ့ပြီး တပ်ရင်းနှင့် တပ်စခန်းများစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) နှင့် အဓိကနေရာတချို့ကို မသိမ်းပိုက်နိုင်သည့် အခြေအနေတွင် စစ်ကောင်စီက လေကြောင်းမှချပေးသော စစ်ကူအင်အားများဖြင့် တန်ပြန်ထိုးစစ်ဆင်မှု ပြုလုပ်လာသလို ယခုအခါ ရေကြောင်း အင်အားများပါ ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။




ပုံစာ-ဗန်းမော်သို့ရောက်လာသော စစ်သင်္ဘောများနှင့် ဧရာဝတီမြစ်အတွင်း မောင်းလာစဉ် တိုက်ခိုက်ခံရပုံ/Naw Tun Awng’s Post


Leave a Reply