NLD အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ရေးပေးရေး ဥပဒေ(နိုင်လွတ်လုံ)တွင် ပါဝင်သည့် နိုင်ငံသားများ၏ ပစ္စည်းကို မတရားမသိမ်းရန်အပါအဝင်လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးထားသည့် ပုဒ်မအချို့ကို ရပ်ဆိုင်းကြောင်း စစ်ကော်မရှင်၏ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) က ယမန်နေ့ (ဩဂုတ် ၁) က ထုတ်ပြန်သည်။
နိုင်လွတ်လုံဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဌာန်းပြီး ပုဒ်မ ၅ ၊ ၇ နှင့် ၈ တို့ပါ ပြဌာန်းချက်များကို ရပ်ဆိုင်းထားလိုက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ထိုပုဒ်မများကို ရပ်ဆိုင်းထားပြီးဖြစ်သည်။

စစ်ကောင်စီကို ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်တွင် ဖျက်သိမ်းကြောင်းကြေညာပြီးနောက် အသစ်ဖွဲ့စည်းထားသည့် စစ်ကော်မရှင်က ယခုကဲ့သို့ နိုင်လွတ်လုံဥပဒေကို ပြင်ဆင်သည့် ဥပဒေ ထုတ်ပြန်ကာ ထိုပုဒ်မများရပ်ဆိုင်းမှုကို ထပ်မံ ထုတ်ပြန်လာခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကော်မရှင်သည် ဝရမ်းနှင့် သက်ဆိုင်ရာ ခွင့်ပြုမိန့်များ မပါဘဲ လွတ် နေအိမ်၊အဆောက်အအုံနှင့် ပရဝဏ်များအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်းနှင့် လူဖမ်းဆီးခြင်းများ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။ ထို့ပြင် ဆက်သွယ်ပြောကြားမှုများကိုလည်း လွတ်လပ်စွာ ကြားဖြတ်နားထောင်နိုင်မည်ဖြစ်သည်။
ရပ်ဆိုင်းလိုက်သည့် ပုဒ်မ ၅ တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် တည်ဆဲဥပဒေနှင့်အညီမှတပါး ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ၊ လုံခြုံမှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရန် မည်သူ့ကိုမဆို ကာကွယ်ပေးရမည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။
ထို့ပြင် ပုဂ္ဂိုလ်တဦးဦး၏ နေအိမ်၊ အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတဦးဦးအား ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်လိုလျှင် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တဦးဦး အပါအဝင် အနည်းဆုံး သက်သေနှစ်ဦးနှင့်အတူ ဆောင်ရွက်ရန်ဆိုသည့် အချက်လည်း ပါဝင်သည်။
ပုဒ်မ ၇ တွင်လည်း တည်ဆဲဥပဒေတရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခြင်း မပြုရဟု တားမြစ်ထားခြင်းဖြစ်သည်။
ပုဒ်မခွဲ က မှ ဆအထိ ပါဝင်သည့် ပုဒ်မ ၈ တွင်လည်း မည်သူမျှ ခွင့်ပြုချက်မရှိဘဲ နိုင်ငံသားတဦး၏ နေအိမ်၊ အခန်း၊ ပရဝဏ်၊ အဆောက်အအုံ၊ ပရဝဏ်အတွင်း ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း ၊ သိမ်းဆည်းခြင်း မပြုရန်၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ၊ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်း မပြုရန် တားမြစ်ချက်များ ပါဝင်သည်။

စစ်ကော်မရှင်က တဦးနှင့် တဦးကြား ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တနည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်းမပြုရန်၊ ဆက်သွယ်ရေးအော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ သတင်းအချက်အလက်များ တောင်းယူခြင်း၊ ထုတ်ပေးခြင်း မပြုရန်၊ အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာ စာပေးစာယူ၊ စာအိတ်၊ ချောထုတ်၊ ပါဆယ်ထုတ်တခုခုကို ဖွင့်ဖောက်ခြင်း ၊ ရှာဖွေသိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း၊ ဖျက်ဆီးခြင်းမပြုရန် တားမြစ်ချက်များကိုလည်း ဆက်လက် ရပ်ဆိုင်းလိုက်သည်။
အဆိုပါ ရပ်ဆိုင်းခံရသည့်အထဲတွင် နိုင်ငံသားတဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တနည်းနည်းဖြင့်ဆောင်ရွက်ခြင်း မပြုရန်၊ နိုင်ငံသားတဦး တရားဝင်ရရှိပိုင်ဆိုင်ထားသည့် ပစ္စည်းကို မတရားသိမ်းယူခြင်း သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ပျက်စီးစေခြင်း၊ ဖျက်ဆီးစေခြင်း မပြုရန် တားမြစ်ချက်များလည်း ပါဝင်ခြင်းဖြစ်သည်။
လာမည့် ဒီဇင်ဘာတွင် ရွေးကောက်ပွဲလုပ်ရန် ပြင်ဆင်နေသည့် စစ်အုပ်စုအနေဖြင့် လတ်တလောတွင် နိုင်ငံသားများ၏ လွတ်လပ်ခွင့်များကို ပိုမိုဖိနှိပ်နိုင်မည့် ဥပဒေများ ပြင်ဆင်လာပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဆိုင်ဘာလုံခြုံရေးဉပဒေကို အသက်သွင်းခြင်း၊ ရွေးကောက်ပွဲ ပျက်ပြားအောင် ပြောဆိုသူများကို ထောင်ချမည့် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပြဌာန်းခြင်းများ ပြုလုပ်ထားသည်။


Leave a Reply