စစ်တပ် ဖမ်းထားသော သထုံ၊ပတိမ်ရိုးရွာသားလူငယ်များကို စစ်မှုထမ်းသင်တန်းပို့၊ အုပ်ကြီးသား သွေးအန်သည်အထိ ရိုက်နှက်ခံရ
စစ်တပ်က ဖမ်းဆီးထားသော သထုံမြို့နယ်၊ပုတိမ်ရိုးရွာသားလူငယ်များကို စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်လိုက်ပြီး လူကြီးများအား ခြိမ်းခြောက်ငွေညှစ်နေကြောင်း သိရသည်။
ဇူလိုင် ၃၀ ရက်တွင် မွန်ပြည်နယ်၊သထုံမြို့နယ်၊ကျိုက္ကော်မြို့အနီးရှိ ပုတိမ်ရိုးရွာထဲသို့ စစ်သားနှင့်ရဲ အင်အား ၅၀ ခန့် ဝင်ရောက်လာပြီးနောက် လူကြီး၊လူငယ် အမျိုးသား ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့ရာ ယခုအခါ လူငယ်၂၀ ခန့်အား စစ်မှုထမ်းသင်တန်းပို့ရန် မော်လမြိုင်သို့ ပို့ဆောင်လိုက်ကြောင်း သထုံမြို့ပြအထူး ပြောက်ကျားအဖွဲ့ တာဝန်ခံ ရဲဘော်သုညထံက သိရသည်။
“အခုကျနော်တို့ နောက်ဆုံးရတဲ့သတင်းက လူငယ်၂၀ လောက်ကို စစ်မှုထမ်းပို့ဖို့ မော်လမြိုင်ပို့လိုက် ပြီ။လူကြီး၂၀ လောက်ကိုကျတော့ တစ်ယောက်ကို ၅၃သိန်းနဲ့ ပြန်ရွေးခိုင်းနေတယ်။မရွေးနိုင်ရင် စစ် မှုထမ်းပို့မယ်လို့ ခြိမ်းခြောက်ထားတယ်”ဟု ၎င်းက ပြောသည်။
ဖမ်းဆီးထားသူများကို သထုံမြို့နယ်၊ ဇရစ်ချောင်ရွာရှိ အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ်(လေ့ကျင့်ရေး၉)၌ ထားကြောင်း သိရသည်။
ဖမ်းဆီးထားသူများအနက် ပုတိမ်ရိုးရွာ အုပ်ချုပ်ရေးမှူး မင်းမင်း၏ သားအကြီးကို စစ်တပ်က သွေးအန်သည်အထိ ရိုက်နှက်ခဲ့ကြောင်း သိရသည်။
“ကျနော် အုပ်ကြီးသားပါဆိုပြီး ပြောလို့ ဝိုင်းရိုက်တာ သွေးအန်ပြီး အခြေအနေဆိုးလာလို့ ဖမ်းပြီး နောက်တစ်ရက်မှာ အကြီးကောင်ကို ရွာပြန်ပို့ပြီးတော့ လူစားအနေနဲ့ ရွာမှာကျန်ခဲ့တဲ့ အုပ်ကြီးသား အငယ်ကောင်ကို ထပ်ဖမ်းသွားတယ်”ဟု ရဲဘော်သုညက ပြောသည်။
ဇူလိုင်၂၆ ရက်တွင် ပုတိမ်ရိုးကျေးရွာ၌ ပြည်သူစစ် ၂ ဦးကို တော်လှန်ရေးတပ်များက ပစ်ခတ်ခဲ့ရာ သေ ဆုံးသွားပြီးနောက် စစ်တပ်က ရွာထဲသို့ အကြမ်းဖက်စီးနင်းကာ အမျိုးသား ၄၀ ကျော်အား လေ့ကျင့် ရေး ၉ သို့ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
သထုံခရိုင် လှုပ်ရှားတပ်ဖွဲ့သည် လေ့ကျင့်ရေး ၉ တွင် အခြေစိုက်ပြီး ဖမ်းဆီးထားသူများကိုလည်း လေ့ ကျင့်ရေး ၉ ၌ပင် ချုပ်နှောင်ကာ စစ်ဆေးမေးမြန်း ညှင်းပန်းနှိပ်စက်ကြောင်း သိရသည်။


Leave a Reply