၂၀၂၅ ခုနှစ် ၁၂ တန်း(တက္ကသိုလ်ဝင်စာမေးပွဲ) အမှတ်စာရင်းတွေ ထုတ်ပေးတာမှာ မှားယွင်းမှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနောက်မှာ ဒီကနေ့ ဇူလိုင် ၄ ရက်ကစပြီး ယာယီရပ်နားထားတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။

အမှတ်စာရင်းတွေ ပြန်လည်စိစစ်နိုင်ဖို့အတွက် ရပ်နားလိုက်တာဖြစ်ပြီး စိစစ်ပြီးရင်တော့ ပြန်လည် ထုတ်ယူခွင့်ပြုမယ်လို့ ဆိုပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းတွေကို ဇူလိုင် ၃၀ ရက်ကစပြီး ထုတ်ပေးနေတာပါ။
အဲဒီလိုထုတ်ပေးရာ မှာ အောင်မြင်တဲ့ကျောင်းသား၊ ကျောင်းသူအချို့ အမှတ်စာရင်းတွေ ထုတ်ယူရာမှာ ကျရှုံးဘာသာတွေပါရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမှတ်စာရင်း ထုတ်ပေးတဲ့စနစ် ချို့ယွင်းမှုတွေကြောင့် နေပြည်တော် စာစစ်ဌာနရဲ့ အမှတ်စာရင်းအချို့မှာ မှားယွင်းပါရှိသွားတဲ့အတွက် အမှတ်စာရင်းအမှန် ပြန်လည်ထုတ်ယူနိုင်တယ်လို့လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့ပါတယ်။
အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၂ သိန်းကျော်ရှိပြီး တစ်သိန်းနီးပါး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

“တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတချို့ အမှတ်စာရင်းမှာ စာမေးပွဲကျနေသူများပြား”
အမှတ်စာရင်းအရ ဂုဏ်ထူးပါသူတွေထဲ စာမေးပွဲ ကျရှုံးနေသူတွေ ရှိသလို ဂုဏ်ထူးပါလျက်နဲ့ အောင်စာရင်းမှာ မပါတဲ့သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အခုလို အောင်စာရင်းနဲ့ အမှတ်စာရင်း ကွဲလွဲနေမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကတော့ အမှတ်စာရင်း ထုတ်ပေးတဲ့စနစ် ချို့ယွင်းမှုကြောင့်လို့ အသိပေးထားပါတယ်။

နေပြည်တော် စာစစ်ဌာနတွေရဲ့ အမှတ်စာရင်းတချို့ မှားယွင်း ပါရှိသွားတာဖြစ်ပြီး ထုတ်ယူခဲ့တဲ့ အမှတ်စာရင်းစာရွက်ကို ယူဆောင်လာကာ အမှတ်စာရင်းအမှန် ပြန် လည် ထုတ်ယူနိုင်တယ်လို့ ကြေငြာထားပါတယ်။



Leave a Reply