တရားမဝင်ကုန်သွယ်မှုကို လာဘ်ယူလွှတ်ပေးမှုဖြင့် ရတခဒုတိုင်းမှူးနှင့် ဌာနဆိုင်ရာအရာရှိများ အပါအဝင် ဝန်ထမ်း ၂၀ နီးပါး ဖမ်းဆီးစစ်ဆေးခံနေရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)မှ ဒုတိုင်းမှူးဗိုလ်မှူးချုပ် ဇော်မင်းအောင်နှင့် ဌာနဆိုင်ရာမှ အရာရှိများအပါအဝင်ဝန်ထမ်းအများအပြားကို စစ်တပ်က ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

မွန်ပြည်နယ်မှ ကရင်ပြည်နယ်၊ ဘားအံဘက်သို့တရား မဝင်ကုန်ပစ္စည်းများကို လာဘ်ငွေယူ၍ လွှတ်ပေးသည်ဆိုသည့်အကြောင်းပြချက်ဖြင့် ဒုတိုင်းမှူးနှင့် ဌာနဆိုင်ရာအရာရှိများအပါအဝင် ဝန်ထမ်း ၂၀ နီးပါးကို နေပြည်တော်ဗဟိုမှ လာရောက်ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖမ်းဆီးခံရသူများသည် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်ကိုဆက်သွယ်ထားသည့် ဘားအံ-သံလွင်တံတားဂိတ်မှ အစောင့်များနှင့် ကြီးကြပ်ရေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအရာရှိနှင့် ဝန်ထမ်းများအပြင် ရတခ ဒုတိုင်းမှူးလည်းအပါအဝင်ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

“ပြောရရင် ကုန်စည်စီးဆင်းမှုမရှိအောင် တားမြစ်ထားတဲ့အပေါ်မှာ လာဘ်စားပြီး လွှတ်ပေးနေတာပေါ့။ ဒါကလည်း အချင်းချင်း အဝေမတည့်လို့ ထဖြစ်မှသာ အပေါ်ရောက်မယ့်ကိစ္စမျိုး။ ခုဒုတိုင်းမှူးနဲ့ ဌာနတွေက ဦးစီးမှူးတွေ၊ စရဖတွေ ၊ ရဲတွေရော၊ အကောက်ခွန်ကလူတွေရော ဖမ်းပြီးစစ်ခံနေရတယ်။ ကရင်ဘက်ကို ကုန်စည်မစီးဆင်းအောင် ပိတ်ထားတာ”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူများမှာ ရတခဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ကရင်ပြည်နယ် အကောက်ခွန်ဦးစီးမှူး၊ ကရင်ပြည်နယ်စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကုန်တင်ယာဉ်အစီး ၁၀၀ ကျော်ကို လာဘ်ငွေယူ၍ ကရင်ပြည်နယ်ဘက် သို့ လွှတ်ပေးလိုက်သည့်အတွက် ယခုလိုဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကရင်ပြည်နယ်မှ မွန်ပြည်နယ်ဘက်သို့ ဝင်ရောက်သည့် ထိုင်းကုန်ပစ္စည်းများ သယ်ဆောင်သည့် ကုန် ကားရာနှင့်ချီ ဖမ်းဆီးခံခဲ့ရပြီး သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် တက်ရောက်ခဲ့ပြီး တရားမဝင်ကုန်သွယ်မှုတွင်ပါဝင်သည့် ဝန်ထမ်းများကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း စစ်မကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *