တာချီလိတ်မှာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ပြီး စွန့်ပစ်

ရှမ်းအရှေ့ တာချီလိတ်မြို့မှာ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်သတင်းတွေကို ဖော်ပြနေတဲ့ ရှမ်းအရှေ့သတင်းမဏ္ဍိုင်က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်မှာ တာချီလိတ်မြို့ ဟောင်လိတ် ဝမ်ဟောင်ရပ်ကွက်မှာ ကလေးငယ်ဟာ မိခင်ဖြစ်သူ အဝတ်လျှော်နေစဥ် နေအိမ်အပြင်ဘက် ထွက်ကစားခဲ့ပြီးနောက် ပြန်မလာတော့ဘဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေသူအမျိုးသမီးငယ်ရဲ့ အလောင်းကို မနေ့ သြဂုတ် ၄ ရက်မှာ တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု နမ့်လွတ်အာခါရွာအနီး မယ်ဟုတ်ချောင်းကနေ
မဲခေါင်မြစ်ကို စီးဆင်းတဲ့ ချောင်းဆုံအနီးမှာတွေ့ရှိခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ တာချီလိတ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အလောင်းကို တွေ့တဲ့အချိန် ပုတ်ပွကုန်ပြီ။ အလောင်းကို မယ်ဟုတ်ချောင်းက​နေ မဲခေါင်မြစ်ကို စီးတဲ့ ချောင်းအဆုံမှာ တွေ့တာ။ ရဲတွေရဲ့ စစ်ဆေးချက်အရ အဲကလေးက အဓ္ဓမပြုကျင့်ပြီး သတ်ဖြတ်ခံရတာ ဖြစ်နေတယ်။ အလောင်းကိုတော့ မီးသဂြိုလ်ပေးလိုက်ပြီ” လို့ ဆိုပါတယ်။

အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ သံသယရှိသူ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ၎င်းရဲ့ထွက်ဆိုချက်အရ မိန်းကလေးငယ်ကို မုန့်ဝယ်ကျွေးမယ်လို့ လိမ်လည်ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုထားကြောင်း ရှမ်းအရှေ့သတင်းမဏ္ဍိုင်မှာ ဖော်ပြထားပါတယ်။

ကျူးလွန်သူအမျိုးသားက အဓမ္မပြုကျင့်နေစဥ် အမျိုးသမီးငယ်ဘက်က အော်ဟစ်အကူအညီတောင်းနေချိန် အသံမထွက်ဖို့ လည်ပင်းကို ညှစ်ခဲ့ရာမှ လက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို တာချီလိတ်မြို့ ဟော်လိတ်နယ်မြေရဲစခန်းက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *