မြင်းခြံတွင် စစ်ကော်မရှင် စစ်ကြောင်းမြင်၍ ထွက်ပြေးသည့် ကိုယ်ဝန်ဆောင်အပါ အမျိုးသမီး ၃ ဦး ပစ်သတ်ခံရ

မြင်းခြံမြို့နယ်၊ မြောက်ကုန်းကျေးရွာသို့ စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်လာသည်ကို မြင်၍ ကြောက်လန့်ထွက်ပြေးသည့် ကိုယ်ဝန်ဆောင်အပါ အမျိုးသမီး သုံးဦးကို စစ်ကော်မရှင်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့(ဩဂုတ်လ ၄ ရက်) ညနေ ၄ နာရီက မန္တလေးတိုင်း၊ မြင်းခြံမြို့ နှင့် သုံးမိုင်ကျော်အကွာအဝေးရှိ အဆိုပါကျေးရွာသို့ အင်အား ၄၀၀ ကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းက စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ရွာခံတဦးက ပြောသည်။

“ကျွန်တော်တို့ရွာမှာ ဘုရားလေး ရှိတယ်ဗျာ။ အဲ့ဒီမှာ ပြည်သူနှစ်ဦးက တယောက်က အိပ်နေတယ်။ တယောက်က ဆေးလိပ်လိပ်နေတယ် ။ သူတို့(စစ်ကော်မရှင်တပ်)က လှမ်းခေါ်တော့ ပြည်သူတယောက်က ထွက်ပြေးတယ်။ ထွက်ပြေးပြီးတော့ ရွာထဲကို လာနေပြီဆိုပြီး ပြေးရင်းပြောတာပေါ့။ ပြည်သူတယောက်က အပေါက်ဝက ထွက်ကြည့်တော့ ပစ်သတ်တယ်။ နောက်ထပ်မိသားစုသုံးယောက်က လန့်ပြီးပြေးတော့ ပစ်သတ်တယ်။ ကိုယ်ဝန်ဆောင်ရယ် ၊ သူ့သမီး ရယ် ၊ အပျိုကြီးရယ်။ ကိုယ်ဝန်ဆောင် ဗိုက်ထဲကလေးအပါအဝင်ဆို လေးဦးပေါ့”ဟု ၎င်းက ပြောသည်။

ထွက်ပြေးသည့် မိသားစုအနက် ဖခင်ဖြစ်သူ ဦအောင်အောင်က လက်မောင်းထိခိုက်မှုသာရှိပြီး ၎င်း၏ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင် ဒေါ်သင်းသင်း(အသက် ၃၀ ကျော်)၊ သမီးဖြစ်သူ မရွှန်းလဲ့ (အသက် ၁၀ နှစ်) နှင့် အိမ်နီးချင်း ဒေါ်လဲ့(အသက် ၄၂ နှစ်)တို့ သေဆုံးသွားကြောင်းသိရသည်။

သေဆုံးသွားသူများကို ယနေ့ (ဩဂုတ်လ ၅ ရက် ) နံနက်အစောပိုင်းက သင်္ဂြိုဟ်ပြီးနောက် ရွာခံအားလုံးမှာ ရွာအပြင်သို့ ပြန်လည်တိမ်းရှောင်နေကြကြောင်း ဒေသခံများကဆိုသည်။

ဒေသခံများကို ပစ်သတ်ခဲ့သည့် စစ်ကော်မရှင် စစ်ကြောင်းမှာ လက်ရှိတွင် မြောက်ကုန်းကျေးရွာနှင့် ထိစပ်နေသည့် ခင်မကန်ကျေးရွာတွင် တပ်စွဲထားကြောင်းသိရသည်။

စစ်ကြောင်းထိုးသည့်ကျေးရွာများမှာ ထိတွေ့တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူများကို အကြောင်းမဲ့ ပစ်သတ်ခြင်းဖြစ်ကြောင်း မြင်းခြံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

“ ရွာထဲဝင်လာပြီးတော့ အမျိုးသမီးတွေမှန်း ကလေးတွေမှန်း သိသိကြီးနဲ့ပစ်သတ်တာ။ အကြောင်းမဲ့ တမင်သပ်သပ်ရွာထဲဝင်ပစ်တာ ။ တိုက်ပွဲကတော့ အဲ့ဒီရွာမှာမရှိဘူး။ သမုန်းကိုင်းရွာမှာပဲ အရင်ရက်က ဖြစ်တာ။ မြောက်ကုန်းရွာမှာ တော်လှန်ရေးအဖွဲ့တွေက ပြန်သွားပြီ။ ပြည်သူတွေက ရွာထဲပြန်နေတာ။ ပြန်နေတဲ့အချိန်မှာ စစ်တပ်က ပစ်တာပေါ့”ဟု ၎င်းက ပြောသည်။

မြင်းခြံမြို့နယ်တွင် စစ်ကော်မရှင်တပ်က တိုက်ပွဲမဖြစ်ပွားသေးသည့် ကျေးရွာများသို့ စစ်ကြောင်းထိုးကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မရှိစဉ် အချိန်ကာလတွင် နယ်မြေရှင်းလင်းခြင်း၊ ကင်းပုန်းဝပ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ မကြာခဏပြုလုပ်လေ့ရှိပြီး မြို့ပေါ်မှ ကျေးရွာများသို့ နေ့စဉ်နီးပါး လက်နက်ကြီးများနှင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် နာမည်ကြီးပျူစောထီးခေါင်းဆောင် သီတာယုမွန်အဖွဲ့၏ ဖိနှိပ်အကြမ်းဖက်မှုများကြောင့် အရပ်သားပြည်သူများမှာ ပျူစောထီးနှင့် စစ်ကော်မရှင် တပ်နှစ်ဖွဲ့လုံးကို ကြောက်ရွံ့နေရကြောင်းသိရသည်။

ဓာတ်ပုံ – စစ်ကော်မရှင်တပ်၏ ပစ်သတ်မှုကြောင့် ဩဂုတ်လ ၄ ရက်ကသေဆုံးသွားသည့် ဒေါ်လဲ့၏အလောင်းကို မသင်္ဂြိုဟ်ခင်ကတွေ့ရစဉ်။ (CJ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *