ရန်ကုန်မြို့သို့ စစ်ကော်မရှင်ဥက္ကဋ္ဌ လာရောက်ချိန် မြို့အတွင်း လုံခြုံရေးအထူးတင်းကျပ်ခဲ့ပြီး လူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း Rangoon Scout Network တာဝန်ရှိသူက ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကော်မရှင်ဖွဲ့စည်းကာ ဥက္ကဋ္ဌ ရာထူးယူခဲ့သည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် အဆိုပါ ရာထူးဖြင့် ပထမဆုံး ပြည်တွင်းခရီးစဉ်အဖြစ် ဩဂုတ်လ ၂ ရက်နေ့မှ စ၍ တောင်ငူမြို့ ၊ ပဲခူးမြို့ ထိုမှတဆင့် ရန်ကုန်မြို့သို့ ရထားဖြင့် လာရောက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်ဥက္ကဋ္ဌ ရန်ကုန်လာရောက်မည့် ရက်မတိုင်ခင်မှစ၍ ရန်ကုန်မြို့၌ စစ်ကော်မရှင်တပ်များက လုံခြုံရေးအထူးတင်းကျပ်ခဲ့ပြီး ဖမ်းဆီးမှုများလည်း ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ဩဂုတ်လ ၃ ရက်နေ့ကစပြီး အမြန်လမ်း ဇီးရိုးမိုင်မှာ ရန်ကုန်အဝင် ခရီးသည်တင်ကားပေါ်က လူငယ်တွေကို အဓိကထားပြီး VPN စစ်တာတွေ မှတ်ပုံတင်စစ်တာတွေလုပ်တယ် ။ နောက် ၄ ရက်နေ့ကျ ရန်ကုန်မှာ သူ ဖြတ်သွားမယ့် ကားလမ်းမတွေမှာ အထိုင်ကင်းတွေ လှည့်ကင်းတွေ ခပ်စိပ်စိပ်ချထားတယ်။ သူရှိခဲ့တဲ့ နေရာဝန်းကျင်မှာလည်း စစ်တပ်တွေ နေရာယူထားတယ်၊ တိုက်အမြင့်တွေပေါ်မှာပါ နေရာယူပြီး စောင့်ကြည့်ခဲ့ပါတယ်။” ဟု Rangoon Scout Network တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်မရှင်ဝါဒဖြန့်သတင်းစာများတွင် စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်သည် ဩဂုတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဝန်ကြီးများရုံး၊ တရားလွှတ်တော်ရုံးများသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါနေရာများနှင့် အနီးတဝိုက်မြို့နယ်များတွင် စစ်ကော်မရှင်တပ်က နေ့ပိုင်းလုံခြုံရေးတင်းကျပ်မှုအပြင် ညပိုင်းတွင်လည်း ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဧည့်စာရင်းရက်ကျော်လွန်နေသူများကို စစ်ဆေးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် စစ်ကော်မရှင်ဥက္ကဋ္ဌနှင့်အုပ်စု ရထားစီးကာ ရန်ကုန်ရောက်ရှိလာမည့် ရက်မတိုင်မီ ဩဂုတ်လ ၂ ရက်နေ့က ရန်ကုန်မြို့တွင်းရှိ ဘူတာ သုံးခုမှ လူ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း Rangoon Scout Network တာဝန်ရှိသူက ပြောသည်။
“ မသင်္ကာလို့ ဖမ်းသွားတာလို့ သိရတယ်။ ဖမ်းခံရတဲ့ ဘူတာတွေက တံတားလေးဘူတာ၊ သင်္ဃန်းကျွန်းဘူတာနဲ့ ပုဇွန်တောင် ဘူတာတွေမှာပါ။ သင်္ဃန်းကျွန်းဘူတာက ပါသွားတာကတော့ လူငယ်ပိုင်းတွေပါ။ ကျန်တဲ့ဘူတာတွေကတော့ အရွယ် မသိလိုက်ရပါဘူး “ ဟု ဆိုသည်။
ဖမ်းဆီးခံရသူများ၏ နောက်ဆက်တွဲအခြေအနေကို သိရှိနိင်ရန် ဆက်လက်စုံစမ်းနေကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကော်မရှင်တပ် စိုးမိုးထိန်းချုပ်ထားနိုင်သည့် ရန်ကုန်မြို့ကို စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က မကြာခဏ လာရောက်ပြလေ့ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လာရောက်ခဲ့သေးသည်။
ထိုသို့ လာရောက်ချိန်တိုင်း စစ်ကောင်မရှင်တပ်များက လုံခြုံရေးတင်းကျပ်လေ့ရှိပြီး ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ရန်ကုန်ဒေသခံများကဆိုသည်။
စစ်ကော်မရှင်ဥက္ကဋ္ဌမင်းအောင်လှိုင်သည် ယမန်နေ့ (ဩဂုတ်လ ၄ ရက်)တွင် ရန်ကုန်မြို့ရှိ နေရာတချို့ကို သွားရောက်ကြည့်ရှုပြီးသည့်နောက် ယင်းနေ့ညနေပိုင်းတွင် အမြန်လမ်းမှတဆင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာသွားကြောင်း Rangoon Scout Network ထံမှ သိရသည်။


Leave a Reply