တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ရဲ့ စစ်ရေးအပေါ် တရုတ်အစိုးရဖိအားဆက်ရှိနေတယ်လို့ သြဂုတ် ၅ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

တရုတ်ကမကထပြုလုပ်မှုကြောင့် TNLA နဲ့ စစ်တပ်တို့ ထပ်မံတွေ့ဆုံဆွေးနွေးပွဲလည်း အခုသြဂုတ်လထဲမှာပဲ ပြုလုပ်ဖို့ရှိနေပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ TNLA သိမ်းပိုက်ခဲ့တဲ့ နောင်ချိုမြို့ကို စစ်တပ်ဆီ ဘာကြောင့်ပြန်ပေး ရတာလဲ၊ ဂေါ်ရခါး လူမျိုးတွေကို စစ်မှုထမ်းခိုင်းနေသလား၊ ရှမ်းပြည်တပ်မတော် (SSPP)နဲ့ TNLA ကြားက မဟာမိတ်ဆက်ဆံရေးဘယ်လိုရှိလဲ … စတဲ့မေးခွန်းတွေရဲ့ အဖြေတွေကို စုစည်းထားပါတယ်။

နောင်ချိုမြို့ထိန်းချုပ်သူပြောင်းလဲပြီးနောက် ထပ်ရှိလာတဲ့ကူမင်းတွေ့ဆုံပွဲ

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂၈ နဲ့ ၂၉ ရက်တုန်းကပြုလုပ်ခဲ့တဲ့ TNLA နဲ့ စစ်တပ်ကိုယ်စားလှယ် အဖွဲ့တွေကြားဆွေးနွေးပွဲမှာ သဘောတူညီချက်မရခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

လေးလအကြာ သြဂုတ်လထဲမှာတော့ တရုတ်ရဲ့ ဦးဆောင်မှုနဲ့ နှစ်ဖက်တွေ့ဆုံပွဲ ထပ်ရှိပါမယ်။

ဧပြီလ တွေ့ဆုံမှုမှာဆိုရင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA က သိမ်းပိုက်ခဲ့တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို ပြန်ပေးဖို့ စစ်တပ်က ဆွေးနွေးခဲ့ပါတယ်။

ဒီမြို့တွေမှာရှိတဲ့ TNLA တပ်တွေကို တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့တွေဆီ ပြန်ဆုတ်ဖို့ တောင်းဆိုခဲ့တာကို လက်မခံတာကြောင့် သဘောတူညီမှုတွေ မရခဲ့ပါဘူး။

ဒါပေမဲ့ ဇူလိုင်လမှာတော့ တောင်ခမ်းတိုက်နယ်ကနေ အင်အားအလုံးအရင်းနဲ့တက်လာတဲ့ စစ်တပ်က နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

သီတင်းပတ်အနည်းငယ်အတွင်း နောင်ချိုမြို့ကို စစ်တပ်ဆီပြန်ပေးခဲ့ရတာကြောင့် ဘာကြောင့်ပြန်ပေးခဲ့ရတာလဲဆိုတဲ့မေးခွန်းတွေ သြဂုတ် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ TNLA ကို အမေးများခဲ့ပါတယ်။

“နောင်ချိုမြို့မှာ ဇူလိုင် ၁၅ ရက်အထိ တိုက်ပွဲပြင်းပြင်းထန်ထန်နဲ့ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းတွေ သုံးပါတယ်။ အရပ်သားတွေ ဒီထက်ပိုပြီးသေကြေပျက်စီးမှုမရှိအောင်၊ အရပ်သားတွေကို ကာကွယ်ဖို့အတွက်၊ ဆုံးရှုံးမှုမရှိစေဖို့အတွက် နောင်ချိုကနေ ဆုတ်ခွာခဲ့ပါတယ်” လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

ဆွေးနွေးပွဲမှာ စစ်တပ်ကတောင်းဆိုခဲ့တဲ့ နောင်ချိုမြို့ကို သူကိုယ်တိုင်ပြန်သိမ်းပိုက်လိုက်နိုင်တာနဲ့ပတ်သက်လို့ တရုတ်ဘက်က TNLA ကို တစုံတရာပြောဆိုလာတာရှိသလားလို့ သတင်းမီဒီယာက ထပ်မေးခွန်းထုတ်ကြပါတယ်။

“တရုတ်အစိုးရဘက်က ထူးထူးခြားခြားပြောတာမရှိပါဘူး။ သြဂုတ်လကုန်ပိုင်းမှာ စစ်ကောင်စီနဲ့ တွေ့ဖို့ ရှိပါမယ်” လို့ လွေးယေဦးက ပြန်ဖြေပါတယ်။

လက်ရှိမှာတော့ တွေ့ဆုံမယ့် ရက်အတိအကျမသိရသေးပေမဲ့ တရုတ်အစိုးရရဲ့ ဖိအားကိုမလွန်ဆန်နိုင်လို့ ပူးပေါင်းဆောင်ရွက်နေရတာတွေရှိတာကြောင့် ဆွေးနွေးပွဲတက်မယ်လို့ ဆိုပါတယ်။

စစ်ရေးအပေါ်မှာလည်း တရုတ်ရဲ့ ဖိအားက တောက်လျှောက်ရှိနေပြီး တိုက်ပွဲဖော်ဆောင်ဖို့အတွက်ကိုပါ ဖိအားရှိနေတာပါ။

“လိုအပ်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ၊ လိုအပ်တဲ့ပြင်ဆင်မှုတွေ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

လိုချင်တဲ့ နောင်ချိုမြို့ ပြန်ရခဲ့သလို မိုးကုတ်ကိုပါ စစ်ရေးအရဖိအားပေးနိုင်မယ့် သပိတ်ကျင်းမြို့ကိုပါ ရထားပြီဖြစ်လို့ စစ်တပ်က ဆွေးနွေးပွဲမှာ အပေါ်စီးကနေ ဆွေးနွေးလာခဲ့ရင် TNLA က ဘယ်လို တုံ့ပြန်မလဲဆိုတဲ့ မေးခွန်းလည်း ရှိလာပြန်တာပါ။

လာမယ့်တွေ့ဆုံဆွေးနွေးပွဲကျရင် စစ်တပ်အနေနဲ့ ထိုးစစ်ဆင်မှုတွေ မလုပ်ဖို့၊ လေကြောင်းထိုးစစ်ဆင်တာ မလုပ်ဖို့၊ အရပ်သားတွေကို ကာကွယ်ပေးနိုင်ဖို့၊ အရပ်သားတွေလိုအပ်တဲ့ ကူးသန်းသွားလာခွင့်ပေးဖို့ စတာတွေဆိုတဲ့ရပ်တည်ချက်အတိုင်း ဆက်ရှိမယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက သူ့ရဲ့ ရပ်တည်ချက်က ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို ပြန်လက်လွှတ်ပေးဖို့ ဖြစ်ပါတယ်။ တကယ်လို့ တွေ့ဆုံဆွေးနွေးမှုမှာ ဒီအတိုင်းပဲ ရပ်တည်နေမယ်ဆိုရင် ဆွေးနွေးပွဲကတော့ ဘာမှရလဒ်မထွက်နိုင်ဘူးလို့ ပြောလို့ရတယ်”

“တနည်းတဖုံပြောင်းလဲသွားရင်တော့ တမျိုးဖြစ်သွားမှာပေါ့လေ။ ယတိပြတ်ပြောဖို့ခက်ပါတယ်” ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက TNLA ရဲ့ သဘောထားကိုပြောပါတယ်။

စစ်ရေးဖိအားပေးခံရတဲ့ TNLA နဲ့ မဟာမိတ်ဆက်ဆံရေး

စစ်မှုထမ်းဥပဒေနဲ့အတူ အင်အားပြန်လည်စုဆောင်းလာနိုင်တဲ့ စစ်တပ်က သာလွန်လူအင်အားအပြင် နည်းပညာဖြည့်တင်းမှုတွေနဲ့ ဒရုန်းအသုံးပြုတိုက်ပွဲတွေဝင်လာချိန်မှာ TNLA ရဲ့ ပြင်ဆင်မှုက ဘယ်လိုရှိနေလဲဆိုတာက သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းမှု အများဆုံးမေးခွန်းတစ်ခု ဖြစ်ပါတယ်။

စစ်ရေးကာကွယ်ရေးအစီအမံကိုတော့ ထုတ်မပြောနိုင်ပေမဲ့ အရပ်သားကာကွယ်ပေးရေးအတွက် အပြည့်အဝဆောင်ရွက်နိုင်အောင်လုပ်ဆောင်ပေးနေတယ်လို့ TNLA က တုံ့ပြန်ပါတယ်။

စစ်ရေးအတွက်ဆိုရင် TNLA ရဲ့ တပ်ဖွဲ့ဝင်အင်အားဖြည့်တင်းဖို့ ဂေါ်ရခါးလူမျိုးတွေကို စုဆောင်းနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ ဖြစ်လာပါတယ်။

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့၊ ကျောက်ဖားဂိတ်မှာ ဇူလိုင် ၂၀ ရက်က ဂေါ်ရခါးလူမျိုး လူငယ်လူလတ် အရွယ် ၁၅ ဦးကို TNLA တပ်ဖွဲ့ဝင်တွေက ကားပေါ်ဆွဲတင်ကာ အတင်းအဓမ္မစစ်မှုထမ်းစေဖို့ ခေါ်သွားပြီး ပိန်းမြစ်အောက်ရွာမှာ ထိန်းသိမ်းထားခဲ့တယ်လို့ ဘီဘီစီ ဖတ်ရှုခွင့်ရခဲ့တဲ့အသနားခံစာမှာ ‌‌ရေးသားထားပါတယ်။

မိုးကုတ်မြို့က ဂေါ်ရခါးလူမျိုးအယောက် ၁၀၀ ကို စစ်မှုထမ်းဖို့ ဇူလိုင် ၃၁ ရက်နောက်ဆုံးထား ပို့ပေးရမယ်ဆိုပြီး ဂေါ်ရခါးမြို့ခံတွေရဲ့အသနားခံစာမှာ ဖော်ပြထားပါတယ်။

TNLA ကတော့ အတင်းအကျပ်လုပ်ဆောင်တာမရှိသလို အင်အားအရေအတွက် သတ်မှတ်တောင်းဆိုတာ မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားပါတယ်။

မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းနဲ့အပြင်းအထန်တိုက်ခိုက်နေလို့ အရပ်သားသေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်နေပြီး မြေပြင်မှာလည်း ခိုးဆိုးလုယက်ဓားပြတိုက်မှုတွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တခြားလူမျိုးတွေ ပူးပေါင်းပါဝင်လာဖို့က အရေးကြီးတယ်လို့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက တုံ့ပြန်ပါတယ်။

“လက်ရှိကတော့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ သူတို့ (ဂေါ်ရခါးလူမျိုး) တွေနဲ့ ပူးပေါင်းပါဝင်မယ်ဆိုရင် ကျွန်မ တို့ ကြိုဆိုပါတယ်” လို့ သူက မှတ်ချက်ပြုပါတယ်။

ဒါအပြင် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းပြီးတဲ့နောက် တအာင်းတပ် (TNLA) နဲ့ မဟာမိတ်တပ်တွေကြား သဘောထားကွဲလွဲမှုတွေရှိနေပြီး စည်းလုံးမှု မတည်ဆောက်နိုင်တာကြောင့် မြို့တွေပြန်လက်လွှတ်နေရတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။

TNLA ကတော့ တော်လှန်ရေးအင်အားစုတွေနဲ့ မဟာဗျူဟာမြောက်ပူးပေါင်းမှုတွေရှိနေဆဲလို့ ပြောပါတယ်။

ထူးခြားချက်က ရှမ်းမြောက်စစ်မျက်နှာပြင်မှာ TNLA နဲ့ ပွတ်တိုက်မှုရှိတယ်လို့ လူသိများတဲ့ ရှမ်းပြည် တပ်မတော်(SSPP/SSA)ကို TNLA က စစ်ရေးအကူအညီတောင်းတယ်ဆိုတဲ့ သတင်းတွေထွက်‌ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် SSPP ကို TNLA က စစ်ရေးအရ အကူအညီတောင်းတာဟုတ်သလား၊ ဘယ်လိုအခြေအနေလဲလို့ သတင်းစာရှင်းလင်းပွဲမှာ ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။

“နောင်ချိုမှာ တိုက်ပွဲပြီးတဲ့နောက် မိုးကုတ်တို့ သပိတ်ကျင်းတို့ဘက်မှာ တိုက်ပွဲဆက်ရှိပါတယ်။ ဒီလိုတိုက်ပွဲ ဖြစ်ပွားတဲ့အချိန်မှာ သီပေါ၊ ကျောက်မဲတို့ဘက်မှာ မဟာမိတ်ပူးပေါင်းမှုတွေရှိပါတယ်။ ကျွန်မတို့က တော်လှန်ရေးအင်အားစုနဲ့ ဒီလိုမဟာမိတ်အချင်းချင်း ဆောင်ရွက်နေတာရှိတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဘီဘီစီကို ဖြေပါတယ်။

SSPP ဟာ ရှမ်းမြောက်စစ်မျက်နှာပြင်မှာ စစ်တပ်နဲ့အတူ ပူးပေါင်းပါဝင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် နေခဲ့တာကြောင့် အစောပိုင်းကာလမှာ TNLA နဲ့ SSPP နှစ်ဖက်တပ်ထောက်ခံသူတွေကြား လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ငြင်းခုန်မှုတွေဖြစ်ပွားခဲ့တာပါ။

အခုသတင်းစာရှင်းလင်းပွဲမှာတော့ SSPP နဲ့ စစ်တပ်ပူးပေါင်းမှုတွေကို တိတိကျကျတွေ့ရှိထားရတာမရှိဘူး လို့ TNLA ဘက်က ပြောပါတယ်။

ဒါအပြင် ကချင်လွတ်လပ်ရေးတပ် (KIA)၊ ကိုးကန့်တပ်(MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ကြားနယ်မြေ အငြင်းပွားမှုရှိနေတဲ့ ကွတ်ခိုင်မြို့ကိုလည်း ဘယ်သူ ဆက်ထိန်းချုပ်နေလဲလို့ ဘီဘီစီက နောက်ထပ်မေးခွန်း မေးမြန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သွားတဲ့အရပ်သားပြည်သူတွေကို ကိုးကန့်တပ်က တွေ့ဆုံပြီး ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့တာပါ။

ဒါဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးတာဖြစ်လို့ ကြိုဆိုကြောင်း TNLA က ပြောပြီး ကွတ်ခိုင်မြို့ကို သူတို့ဆက်ထိန်းချုပ်ထားတယ်လို့ ဘီဘီစီကို ဖြေကြားပါတယ်။

အခုလို သြဂုတ် ၅ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဖြေကြားချက်တွေအရ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေနဲ့အတူ မြို့တွေ သိမ်းပိုက်အင်အားကြီးလာတဲ့ တအာင်းတပ် (TNLA) ရဲ့ မဟာမိတ်ဆက်ဆံရေး၊ မြို့တွေကို ဆက်ထိန်းဖို့ဆောင်ရွက်ချက်တွေနဲ့ ရင်ဆိုင်နေရဆဲ တရုတ်ဖိအားတွေက ထူးခြားတဲ့အချက်တွေဖြစ်ပါတယ်။

စစ်ကောင်စီကိုဖျက်သိမ်းပြီး ကော်မရှင်ဖွဲ့ကာ ရွေးကောက်ပွဲလုပ်မယ့် စစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ “စစ်ယူနီဖောင်းကနေ အရပ်သားအဖြစ် အာဏာဆက်တည်ဆောက်နေတာ” လို့ပဲ TNLA က သဘောထား ပြောပါတယ်။

ဒါအပြင် TNLA သိမ်းပိုက်ထားတဲ့မြို့တွေကို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာတာဟာ TNLA အပေါ် သက်ရောက်မှုမရှိတာကြောင့် လူထုစိုးရိမ်ဖို့မလိုပေမဲ့ လေကြောင်းရန်ကို သတိပြုဖို့ တိုက်တွန်းသွားပါတယ်။

BBC Burmese

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *