ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီ ဟာ ရွေးကောက်ပွဲနီးလာချိန် “မိတ်ဆွေများ”လို့ ခေါင်းစဉ်တပ်ပြီး စစ်တပ်လိုလားသူ အနုပညာရှင်တွေ၊ မိတ်ဖက်နိုင်ငံရေးပါတီတွေသာမက ငါးထောင်စားလို့ လူအများ ခေါ်ကြတဲ့ အမျိုးသားရေးအမည်ခံ လူတစုကိုပါ တွေ့ဆုံ ပွဲထုတ်လာပြန်တာကို ပြီးခဲ့တဲ့ရက်က တွေ့ရပါတယ်။
သြဂုတ် ၁ ရက် ရန်ကုန်မြို့ပါတီရုံးခွဲမှာ အမျိုးသားရေးအမည်ခံအချို့နဲ့ ဦးခင်ရီတို့ တွေ့ဆုံရာမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့နဲ့ အမျိုးသားရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ပါတီက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး ဦးခင်ရီက “ကာလတော်တော်ကြာကြာကတည်းက ချစ်ခင်ရင်းနှီးခဲ့ကြတဲ့ နိုင်ငံ့ချစ်သူ အမျိုးသား ရေးမိတ်ဆွေ အပေါင်းအသင်းတစုနဲ့ ပါတီဌာနချုပ်ရုံးခွဲမှာ တွေ့ဆုံစကားပြောဖြစ်ခဲ့ကြပါတယ်” လို့ ဆိုပါတယ်။
ဒီမိုကရေစီအစိုးရကို အစဉ်တစိုက် ဆန့်ကျင်ပုတ်ခတ်ပြီး ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖန်တီးလေ့ရှိတဲ့ အမျိုးသားရေး အမည်ခံတွေဟာ စစ်အာဏာသိမ်းပြီးနောက် လူမြင်ကွင်းမှာ ပေါ်ပေါ်တင်တင်လှုပ်ရှားမှုမရှိတော့ဘဲ ပျောက်ကွယ်နေရာ ကနေ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာချိန်မှာမှ ပြန်ထွက်ပေါ်လာတာဟာ လူထုအတွက် သတိထားစရာ ဖြစ်လာပါတယ်။

ဦးခင်ရီနဲ့တွေ့ဆုံခဲ့တဲ့ ဘုန်းကြီးဦးသုစိတ္တ၊ ဦးပညာဝံသနဲ့ မြတ်ဖုန်းမိုရ်၊ တင်ဌေးအောင်၊ ဝင်းကိုကိုလတ် အစရှိသူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်အောင် လှုံ့ဆော်ကျူးလွန်ခဲ့သူ တွေဖြစ်ပြီး စစ်တပ်ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ပါဝင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။
ဒီလိုအမျိုးသားရေးအမည်ခံတွေကို ဦးခင်ရီ ပြန်လည်ပွဲထုတ်လာတာဟာ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ NLDပါတီ အပြတ်အသတ်အနိုင်ရပြီး လွှတ်တော်တက်ဖို့ ရက်ပိုင်းအလို အမျိုးသားရေးဝါဒီဆိုသူတွေက ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာ လူစုလူဝေးနဲ့ ရမ်းကားခဲ့ကြတာ မြို့လယ်ခေါင် ဆူးလေဘုရားလမ်းပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဓားကိုင်ပြီး တန်ပြန်တိုက်ခိုက်ခဲ့တာတွေကို ပြန်လည်မြင်ယောင်စေပါတယ်။
ဒီမိုကရေစီသူတွေကို ကိုယ်ထိလက်ရောက် ရန်ပြုတိုက်ခိုက်ခဲ့ကြတဲ့ ဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်က ကြိုးကိုင် စီစဉ်ခဲ့သူဟာ ဦးခင်ရီ ဖြစ်ပါတယ်။

အဲ့ဒီတုန်းက ကြံ့ခိုင်ရေးပါတီဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်ရီဟာ ရန်ကုန်က စစ်တပ်ထောက်ခံဆန္ဒပွဲတွေကို ၂၀၂၁ အာဏာ မသိမ်းခင် ၁၁ ပွဲနဲ့ အာဏာသိမ်းအပြီး ၁၁ ပွဲ စုစုပေါင်း ၂၂ ပွဲ စီစဉ်ခဲ့တယ်လို့ ယခင်ဦးသိန်းစိန်အစိုးရလက်ထက် ဝန်ကြီး ဟောင်း ဦးစိုးသိန်းက သူ့ရဲ့ ဒီမိုကရေစီဒုတိယအစိုးရသစ်နဲ့ မြန်မာနိုင်ငံ(ဒုတိယတွဲ) စာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာပဲ လက်ရှိ ကြံ့ခိုင်ရေးပါတီဒုဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းကိုလည်း အကြမ်းဖက် အမျိုးသားရေးသမားတွေနဲ့ ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်နေတာ မြင်ရတော့ တချိန်က စစ်တပ်အရာရှိဟောင်းတွ ပူးပေါင်းသတ်ဖြတ်ခဲ့တဲ့NLD ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုကိုပါ ပြန်အမှတ်ရစေခဲ့ပါတယ်။
ရှေ့နေကြီး ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဗြောင်ကျကျ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ လူသတ်သမား ကြည်လင်းအမှုမှာ ဇေယျာဖြိုး၊ အောင်ဝင်းခိုင်နဲ့ အောင်ဝင်းဇော်ဆိုတဲ့ စစ်တပ်အရာရှိဟောင်းတစု ကြိုးကိုင်ခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်က ဦးမျိုးဇော်သိမ်းဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ပါတယ်။

တရားခံကြည်လင်းကို ဝိုင်းဝန်းဖမ်းဆီးစဉ်က သေဆုံးခဲ့ရတဲ့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ နာရေးအိမ်ကို ကိုယ်တိုင်သွား ရောက်ခဲ့တဲ့ တိုင်းမှူးမျိုးဇော်သိမ်းဟာ အခုအခါမှာတော့ ကြည်လင်းနဲ့အပေါင်းအပါတွေကို ထောက်ခံအားပေးပြီး “မင်းတို့ ထမင်းဝအောင်စားထား” ဆိုကာ တရားရုံးရှေ့မှာတင် လူထုကိုပါ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ခဲ့တဲ့ မြတ်ဖုန်းမိုရ်၊ တင်ဌေး အောင်စတဲ့ သူတွေနဲ့ လက်ဆွဲနှုတ်ဆက်နေပုံကလည်း မိတ်ဟောင်းဆွေဟောင်း ပီသလှပါတယ်။
အခုတော့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် စစ်တပ်အရာရှိဟောင်းကြီးတွေနဲ့ အမျိုးသားရေးအမည်ခံ အကြမ်းဖက်သမား တွေဟာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအောင်မြင်ဖို့ အတူတကွထပ်မံကြိုးပမ်းကြပါဦးမယ်။
စစ်တပ်အနေနဲ့ သူကျင်းပမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် နှိပ်ကွပ်ဖို့ အနည်းဆုံး ထောင်သုံးနှစ်ကနေ သေဒဏ်အထိပေးနိုင်တဲ့ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေ” ကို ဇူလိုင် ၂၉ ရက်နေ့က ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

ဒါဟာ NLD ကို အမြဲရှုံးနိမ့်ခဲ့ရတဲ့ စစ်တပ်အရာရှိဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီအတွက်တော့ မဟာအခွင့် အရေးကြီး ဖြစ်နေပေမယ့် လူထုထောက်ခံတဲ့ အဓိကနိုင်ငံရေးပါတီတွေမပါဝင်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှုအတွက် အကြီးအကျယ်မေးခွန်းထုတ်ခံနေရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချပြီး ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲမှာ စစ်တပ်အရာရှိဟောင်းတွေရဲ့ ကြံ့ခိုင်ရေးပါတီဟာ ကျန်နိုင်ငံရေးပါတီတွေထက် အာဏာ၊ ငွေကြေး၊ အရင်းအမြစ်တွေအသုံးချပြီး တကောင်တည်းပြေးတဲ့မြင်းလို ရွေးကောက်ပွဲအနိုင်ရပြီးအစိုးရဖွဲ့ဖို့ မျှော်မှန်းနေတာ ဖြစ်ပါတယ်။
လက်တွေ့မှာလည်း တခြားနိုင်ငံရေးပါတီတွေထက် ရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေ တဲ့ ကြံ့ခိုင်ရေးပါတီဟာ အမျိုးသားအမည်ခံ စစ်တပ်ထောက်ခံသူတွေကို ပွဲထုတ်လာပြီးတဲ့နောက် စစ်ဒဏ်ခံနေရတဲ့ ပြည်သူ တွေကို စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်မဲထွက်ပေးကြဖို့၊ ဆန်ကျင်လှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို့ စတဲ့ လှုံ့ဆော်ဆန္ဒပြပွဲ တွေ မြင်တွေ့လာရဖွယ် ရှိနေပါတယ်။


Leave a Reply