မန္တလေးမှာ စစ်အုပ်စုက ဖုန်းစစ်ဆေးမှုတွေ ပိုလုပ်လာ

မန္တလေးမြို့ပေါ် အပါအဝင် မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုနဲ့ ပျုစောထီးတွေ ပါဝင်တဲ့ အဖွဲ့တွေက ဆိုက်ဘာဥပဒေကို အကြောင်းပြပြီး ဩဂုတ်လ အစကတည်းက ဖုန်းစစ်ဆေးတာတွေ ပိုလုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ တနေရာတည်းမှာ ပုံသေဂိတ်ချစစ်ဆေးတာ မဟုတ်ဘဲ မိုဘိုင်းလ် (ရွှေ့လျား)အဖွဲ့တွေအဖြစ် လူစည်ကားတဲ့ လမ်းမတွေနဲ့ ဈေး၊ ကျောင်းစတဲ့ နေရာတွေမှာ အဓိက ပစ်မှတ်ထား စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဖုန်းတွေကို စစ်ဆေးရာမှာ VPN ဆော့ဖ်ဝဲလ် အသုံးပြုမပြုနဲ့ ဆိုက်ဘာဥပဒေနဲ့ မလွတ်ကင်းတဲ့ ဆော့ဖ်ဝဲလ်တွေကိုပါ မွှေနှောက် စစ်ဆေးလာတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

“မနေ့က ညနေ ၄ နာရီလောက်မှာ လမ်း ၃၀ နဲ့ လမ်း ၅၈ လမ်းကြားမှာ သံဆူးကြိုးတွေ ချပြီး စစ်နေတာ။ ရဲတွေ ယူနီဖောင်းအပြည့်အစုံနဲ့ စစ်နေတာ။ အကြီးအကျယ်ကို စစ်နေတာ။ အရင်ကထက် ပိုစစ်လာတာပေါ့။ တကယ်လို့ ပေါ်ရင်လည်း သူတို့တောင်းသလောက် ပေးရတယ်”

စစ်အုပ်စုဘက်က ဒေသခံတွေကို အတင်းအကြပ် ဖိအားပေး ဖုန်းစစ်ဆေးမှုတွေကြောင့် အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ အပြင်ထွက်သွားလာသူ နည်းပါးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်မှာ ဆိုက်ဘာလုံခြုံရေး ဥပဒေအာဏာတည်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဥပဒေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလက စတင်ပြဌာန်းခဲ့ပြီး ခွင့်ပြုချက် မရှိဘဲ VPN တည်ထောင်တာနဲ့ အွန်လိုင်းလောင်းကစားတွေအတွက် ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းနားမှာ လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး၊ လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုကို ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု

Comments

Leave a Reply

Your email address will not be published. Required fields are marked *