မြန်မာပလာဇာကားပါကင်၌ဓားထိုးခံရမှု လုပ်ကြံခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူပြော

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာစျေးဝယ်စင်တာ ကားရပ်နားရာနေရာတွင် အမျိုး သမီးတဦး ဓားဖြင့်ထိုးခံရပြီး သွေးထွက်လွန်ကာသေဆုံးခဲ့မှုမှာ လုပ်ကြံခံရခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။

ယမန်နေ့(ဩဂုတ်လ ၅ ရက်) ညနေ ၅ နာရီခွဲဝန်းကျင်က မြန်မာပလာဇာစျေးဝယ်စင်တာရှိ ကားပါကင် တွင် အမျိုးသမီးတဦးနှင့် အမျိုးသားတဦးကို အမျိုးသားနှစ်ဦးက ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ထိုသို့တိုက်ခိုက်မှုအတွင်း အသက် ၅၉ နှစ်အရွယ် ဒေါ်စမ်းစမ်းအေးဆိုသူအမျိုးသမီးမှာ ဆေးရုံသို့ပို့ဆောင် စဉ် သွေးထွက်လွန်ကာသေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားတဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“လူနှစ်ဦးရှိနေတာကို ဓားနဲ့ဝင်ထိုးတာပါ။ CCTV မှတ်တမ်းအရ အမျိုးသမီးကို ဦးတည်တဲ့တိုက်ခိုက်မှုပါ။ သူနဲ့အဖော်ပါလာတဲ့ အမျိုးသားကိုတော့ ဝင်ဆွဲလို့ ဓားနဲ့ထိုးလိုက်တာဖြစ်ပါတယ်။ သူ(အဖော်ပါလာသူ အမျိုးသား) ကတော့ ထိခိုက်ဒဏ်ရာရထားလို့ ဆေးရုံမှာကုသမှုခံယူနေရင်း ဒီနေ့မနက် ဆင်းသွားပါပြီ။ ဓားနဲ့ထိုးသွားသူတွေကိုတော့ လိုက်ရှာနေတုန်းပဲ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်သတင်းရင်းမြစ်က ဆိုသည်။

ဓားထိုးခံရကာ သေဆုံးခဲ့သူအမျိုးသမီးသည် တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ် တွင်နေထိုင်သူဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူက ပြောသည်။

“လူမှုရေးကိစ္စလို့တော့ သတ်မှတ်ထားပါတယ်။ ဘာပစ္စည်းမှ ယူသွားတာမရှိပါဘူး။ ပိုက်ဆံပေးခိုင်းတာ သေချာပါတယ်။ လည်ပင်းကိုလှီးခံရတဲ့ဒဏ်ရာကြောင့်သေဆုံးခဲ့တာပါ။ ဒီနေ့ Dead Body (အလောင်း) သွားထုတ်နေပါတယ်။ မနက်ဖြန် နာရေးပြုလုပ်မှာပါ” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗဟန်းမြို့မရဲစခန်းတွင်အမှုဖွင့်လှစ်ထားကာ ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း မိသားစုနှင့် နီးစပ်သူက ဆက်ပြောသည်။

“အမှုမှန်ပေါ်ဖို့နဲ့ တရားမျှတအောင်အပြစ်ပေးဖို့ တောင်းဆိုလိုပါတယ်” ဟု ၎င်းကဆိုသည်။

စျေးဝယ်စင်တာကားပါကင်တွင် ဓားထိုးခံရကာသေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကော်မရှင်နှင့် အခင်းဖြစ်ပွားရာ မြန်မာပလာဇာစျေးဝယ်စင်တာဘက်က လက်ရှိအချိန်အထိ တစုံတရာ သတင်းထုတ် ပြန်လာခြင်း မရှိသေးပေ။

ရန်ကုန်မြို့ရှိ နာမည်ကြီးစျေးဝယ်စင်တာများအနက်တခု ဖြစ်သည့် မြန်မာပလာဇာစျေးဝယ်စင်တာသည် လူစည်းကားသည့်နေရာဖြစ်ပြီး အင်းလျားကန်ဘောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများနှင့်အနီးတွင် တည်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာပလာဇာ စျေးဝယ်စင်တာ အတွင်း သပိတ်လှုပ်ရှားမှုပြုလုပ်သည့်လူငယ်များကို စင်တာလုံခြုံရေးဝန်ထမ်းများက ထိုးကြိတ်ခဲ့သည့် ဖြစ်စဉ်ကြောင့် ဝေဖန်မှုနှင့် သပိတ်မှောက်မှုများကိုလည်း ကြုံတွေ့ခဲ့ရသည်။

“သပိတ်လုပ်တုန်းက လူငယ်တွေကိုကန်တဲ့လုံခြုံရေးတွေ ဘယ်ရောက်ကုန်လို့လဲဆိုတာပဲ မေးချင်တယ်။ အဲဒီတုန်းက ကလေးတွေမှာ ဒဏ်ရာတွေရကုန်ပြီး ကံကောင်းလို့ အဖမ်းမခံရတာ။ အခုလို ဓားထိုးမှုလည်း ဖြစ်ရော အဲဒီလုံခြုံရေးတွေက ဘယ်ရောက်ကုန်တာလဲ” ဟု ရန်ကင်းဒေသခံတဦးက ပြောသည်။

“သူတို့ရဲ့ ကားပါကင်ကအကျယ်ကြီး၊ လုံခြုံရေးအင်အားကနည်းတယ်။ ပြီးရင် အသက် ၅၀ အထက်တွေ ခန့်ထားတာများတော့ တခုခုဆို ဘာမှအကူအညီရမှာမဟုတ်ဘူး” ဟု မြန်မာပလာဇာသို့ မကြာခဏ သွားရောက်လေ့ရှိသူအမျိုးသမီးတဦးကလည်း ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံရှိ စစ်ကော်မရှင်တပ်ထိန်းချုပ်ရာ မြို့ ကြီးများတွင် လုယက်မှု၊ ပြန်ပေးဆွဲမှုနှင့် လူသတ်မှုများ မကြာခဏဖြစ်ပွားနေပြီး ပြည်သူများ၏ နေ့စဉ် ဘ၀ မလုံခြုံမှုများကို ခံစားနေကြရသည်။

ဓာတ်ပုံ – မြန်မာပလာဇာကားပါကင်၌ လူနှစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အမျိုးသမီး။ (မိသားစုနှင့်နီးစပ်သူ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *