မန္တလေးတိုင်း ရဲ့ အဝင်အထွက်ကို ထိန်းချုပ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာခွင့်မပြုချက်မရဘဲ ရွှေတူးဖော်ရေးလုပ်ငန်းသုံးပစ္စည်းတွေ အပါ အဝင် စက်သုံးဆီကိုပါ စစ်ကောင်စီက ဖြတ်သန်းသယ်ယူခွင့် ပိတ်ပင်ထားတယ်လို့သိရပါတယ်။
ကန့်သတ်ပစ္စည်းတွေထဲမှာ ရွှေတူးဖော်ရေး လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေ ၊ စက်သုံးဆီ ၊ လျှပ်စစ်ပစ္စည်း ( ဝါယာကြိုး ၊ ဘတ္ထရီ ၊ ဆိုလာ ၊ ပါဝါဘန့် ) ၊ ဓာတ်မြေသြဇာ ၊ အောက်ဆီဂျင်အိုး ၊ ဆေးဝါး ဆက်စပ်ပစ္စည်းတွေ ( စောင် ၊ ခြင်ထောင် ၊ သူနာပြုဝတ်စုံ၊ အမျိုးသမီး လစဉ်သုံး၊ ဒိုင်ဘာ ) ၊ ၃ လက်မနဲ့အထက်ရှိတဲ့ ပိုက်တွေ ၊သံပိုက်တွေ ပါဝင်ပါတယ်။
ဒီပစ္စည်းတွေကို စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းအစိုးရအဖွဲ့ ရဲ့ ခွင့်ပြချက်ရမှ သယ်ဆောင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့က (စစ်တပ်) အဓိကသိမ်းတာက ရွှေတွင်းမှာ သုံးတဲ့ပစ္စည်းတွေဆို အဓိကသိမ်းတယ် ၊ အဲတာတွေဆို ညှိလို့မရဘူး လုံးဝကိုပြန်မပေးတာ”လို့ မန္တလေး-မိုးကုတ် လမ်းပိုင်းပြေးဆွဲနေတဲ့ ကားသမားတစ်ဦးကပြောပါတယ်။

အဓိကအားဖြင့် တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ဒေသတွေဆီ သွားရောက်မယ့်ကားတွေကို တင်းကြပ်ပြီး ကုန်ပစ္စည်းသယ်ယူခွင့်ကန့်သတ်နေတာလို့ ကားသမားတွေကပြောပါတယ်။
မန္တလေးအထွက် စစ်ကိုင်းဘက်ခြမ်း ရတနာပုံတံတား စစ်ဆေးရေးဂိတ်၊မတ္တရာ- မိုးကုတ်သွားကားလမ်း ရွှေကျင်ဂိတ်၊ ပြင်ဦးလွင်အထွက် ဝက်ဝံစစ်ဆေးရေးဂိတ် စတဲ့နေရာတွေမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာလို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေအားကောင်းရာ ရွှေလုပ်ကွက်တွေရှိတဲ့ သပိတ်ကျင်း ၊ စဉ့်ကူး နဲ့မတ္တရာ နယ်တွေဆီ ကုန်စည်စီးမှုမရှိစေလို့ စစ်ကောင်စီတပ်က ပိတ်ဆို့တာလည်းဖြစ်ပါတယ်။


Leave a Reply