မြင်းခြံမှာ စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူတွေက ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ဒေသခံ လေးဦးကို ပစ်သတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတွေ ပါဝင်တဲ့ စစ်ကြောင်းက အသက် ၁၀ နှစ်အရွယ် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင် မိခင် အပါအဝင် မိသားစုဝင် သုံးဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်အုပ်စုနဲ့ ပျူစောထီးတွေ ပါဝင်တဲ့ စစ်ကြောင်းဟာ ဩဂုတ် ၄ ရက် ညနေပိုင်းမှာ မြောက်ကုန်းကျေးရွာကို စီးနင်းဝင်ရောက်ပြီး နေအိမ်ထဲမှာ ရှိနေတဲ့ မိသားစုဝင် သုံးဦးနဲ့ အိမ်နီးချင်း အမျိုးသမီး တစ်ဦးကို သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် မြောက်ကုန်းကျေးရွာက အသက် ၄၀ အရွယ် ကိုအောင်အောင်နဲ့ အသက် ၃၀ အရွယ် ဇနီးဖြစ်သူ မသင်းသင်းဆွေ၊ သမီးဖြစ်သူ အသက် ၁၀ နှစ်ရွယ် မရွှန်းလဲ့နဲ့ အိမ်နီးချင်းဖြစ်သူ အသက် ၄၀ အရွယ် မပဲ တို့ သေဆုံးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“အတော်လေးကို ရက်ရက်စက်စက်နဲ့ မတော်မတရား လုပ်သွားတာပါဗျာ။ အမျိုးသမီးကဆိုရင် ကိုယ်ဝန်ကြီးနဲ့ကို (စစ်အုပ်စု) သူတို့က ပစ်သတ်သွားတာ။ သူ့ရဲ့ သမီးလေးဆိုရင် အသက်က ၁၀ နှစ် သမီးပဲ ရှိပါသေးတယ်။ နောက်ပြီး သူ့ရဲ့ အမျိုးသားလည်း ပစ်သတ်ခံရတယ်။ သူတို့က စစ်ဘေး မရှောင်နိုင်တော့ အခုလို မိသားစုလိုက် ရက်ရက်စက်စက် လုပ်သွားလိမ်မယ် မထင်လို့ အိမ်ထဲမှာ ရှိနေကြတာပေါ့။ စုစုပေါင်း မိသားစုလိုက်က သုံးဦးနဲ့ အိမ်နီးချင်းက အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတာပါ”

မြင်းခြံမြို့ အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံတွေကို ပစ်သတ်သွားတာလို့ သူက ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မြင်းခြံမြို့အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး နေတာကြောင့် သစ်ပင်ရှည်၊ နတ်ထား၊ သမုန်းကိုင်း၊ ရွာသာ၊ ဖုံ၊ ဖောင်းကား၊ ပျော်ဘွယ်၊ စံပြ၊ သဲတော၊ ခင်မကန်၊ မြောက်ကုန်း အစရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြ ရပါတယ်။

ဒါ့အပြင် လတ်တလောမှာလည်း မြင်းခြံနယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေး အင်အားစုတွေအကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး စစ်အုပ်စုဘက်က လက်နက်ကြီး၊ လေကြောင်းတို့နဲ့ နေ့စဉ်ပစ်ခတ်ဗုံးကြဲ နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီး လေးနှစ်ကျော်အတွင်း စစ်အုပ်စုလက်ချက်ကြောင့် နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူ ၇,၀၃၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဩဂုတ်လ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြင်းခြံနယ် ပျူခေါင်းဆောင် သီတာယုမွန်နဲ့ နောက်လိုက် ပျူတွေကို ပြီးခဲ့တဲ့ လပိုင်းက မြင်းခြံနယ်ထဲ တွေ့ရစဉ်/Photo – စစ်အုပ်စု

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *