စစ်အာဏာရှင်ဟောင်း သန်းရွှေလက်ထက် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူ အသက် ၇၄ နှစ်အရွယ် စစ်ဗိုလ်ချုပ်ဟောင်း၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် အာရုံကြောရောဂါကို ခံစားရပြီး တပ်မတော်စစ်ဆေးရုံတွင် ကွယ်လွန်သွားသည်ဟု ယနေ့ ( ဩဂုတ်လ၊ ၆ ရက်) နံနက်ပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီ ဝါဒဖြန့် သတင်း၊ စာမျက်နှာများတွင် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ ( ဩဂုတ်လ၊ ၆ရက်) နံနက်၊ သုံး နာရီတွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ တွင် ကွယ်လွန်သည်ဟု ရေးသားဖော်ပြခဲ့သည်။
ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း စစ်တပ်သတင်းပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဦးမြင့်ဆွေသေဆုံးသည့်သတင်း မှန်ကန်မှုမရှိကြောင်း မီဒီယာများကို ပြန်လည်ဖြေကြားခဲ့သည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် အာရုံကြောများနှေးကွေးတုံ့ဆိုင်းသည့်ရောဂါ ( Parkinson’s Disease) ကို ခံစားနေရပြီး ကျန်းမာရေးအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာအခြေအနေရှိသည် ဟု ယမန်နေ့ (ဩဂုတ်လ၊ ၅ ရက်) တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ) က ထုတ်ပြန်ခဲ့ပြီးနောက် ကွယ်လွန်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
၎င်းမှာ အစာကောင်းစွာ မစားနိုင်ခြင်း ၊ အဖျားတက်ခြင်း ၊ ဦးနှောက်နိုးကြားမှု မရှိခြင်းတို့ကြောင့် ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခဲ့ခြင်းမရှိသော်လည်း ယနေ့အချိန်ထိ နေပြည်တော် တပ်မတော်ဆေးရုံတွင် ဆက်လက်ကုသနေကြောင်း စစ်တပ်ကထုတ်ပြန်ထားသည်။
၁၉၅၁ ခုနှစ်တွင် မွေးဖွားပြီး ၁၉၇၁ ခုနှစ်၊ အသက် ၂၀ အရွယ်တွင် စစ်တက္ကသိုလ်ကျောင်းဆင်းခဲ့သူ ဦးမြင့်ဆွေ၏ ဘဝသည် လွတ်လပ်ရေးရပြီးနောက် စစ်အာဏာရှင်စနစ်လွှမ်းမိုးခဲ့သည့် မြန်မာနိုင်ငံရှိ စစ်အရာရှိများ၏ ဘဝအခြေအနေကို ယောင်ပြန်ဟပ်နေသည်။
စစ်အရာရှိအများစုသည် အာဏာရှင်အဆက်ဆက် ၎င်းတို့ ရာထူးအာဏာတည်မြဲရေးနှင့် ငွေကြေးဥစ္စာ ရရှိရေးတို့ကိုသာ ထိပ်တန်းတင်ပြီး ၎င်းတို့ကို ဦးဆောင်သည့် အာဏာရှင်ခေါင်းဆောင်များ၏ အမိန့် များကို တသွေမတိမ်း ထမ်းဆောင်ခဲ့ကြသည်။
လိုအပ်ပါက ပြည်သူလုထုကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ရန် အသင့်ဖြစ်နေသူ စစ်ဗိုလ်ချုပ်များအနက် တစ်ဦးဖြစ်ကြောင်း မြင့်ဆွေက ၎င်း၏ ဘဝဖြင့် သက်သေပြသွားသည်။
၂၀၀၇ ခုနှစ် သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကို သန်းရွှေ၏ အမိန့်အတိုင်း သွေးထွက်သံယိုဖြိုခွင်းခဲ့သူ မြင့်ဆွေက သူသည် တာဝန်ပေးချက်အရလုပ်ဆောင်ခဲ့သည်သာဖြစ်ပြီး သေဒဏ်ပေးပါကလည်း ရင်ဆိုင်နိုင်ရန်အသင့်ဟု နောင်တွင် ပြောဆိုခဲ့သည်။
မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင်လည်း မြင့်ဆွေမှာ ယာယီသမ္မတအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

စစ်ဗိုလ်ချုပ် ဘဝမှ ဒုသမ္မတဖြစ်လာသူ
အသက် ၇၄ နှစ်အရွယ် ဦးမြင့်ဆွေကို မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၁၅ တွင် တက်ရောက်ခဲ့ရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထက် စစ်တက္ကသိုလ် အပတ်စဉ် ၄ ခု စောတက်ခဲ့သူ ဖြစ်သည်။
စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည်ရသည့် ဆက်ဆံရေး ရှိသူဖြစ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက်ချုပ်ရာထူးများကို စစ်ခေါင်းဆောင်အကူအညီဖြင့် ကာလတိုအတွင်း ဖြတ်ကျော်နိုင်ခဲ့သူ ဖြစ်သည်။
ထို့ပြင် ၂၀၀၄ ခုနှစ်က နိုင်ငံ၏အဓိက စစ်ဗိုလ်ချုပ် စစ်ခေါင်းဆောင် သန်းရွှေ၊မောင်အေးတို့ နှစ်ဦးနှင့် ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်တို့အကြားတွင် ပဋိပက္ခတွင်လည်း အဓိကနေရာက ပါဝင်ခဲ့သူဖြစ်သည်။
ထိုအချိန်က နိုင်ငံဝန်ကြီးချုပ်နှင့်တပ်မတော် ထောက်လှမ်းရေးမှူးချုပ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ခင်ညွန့်ကို ဖယ်ရှားရာတွင် ၎င်းသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်အတိုင်း ဦးဆောင်ခဲ့သူဖြစ်သည်။
ထိုသို့ ဗိုလ်ချုပ် ခင်ညွန့်ကို ဖယ်ရှားခဲ့ပြီးနောက်တွင် ဦးမြင့်ဆွေသည် အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) အဖွဲ့၏ အရာချုပ်ဖြစ်လာခဲ့သည်။
၎င်း စရဖ ချုပ်တာဝန်ယူခဲ့စဉ်က နိုင်ငံရေးအကျဉ်းသားများကို စစ်မေးရာတွင် စရဖ အဖွဲ့သည့် ဗိုလ်ချုပ် ခင်ညွန့်၏ စစ်ထောက်လှမ်းရေးအဖွဲ့ထက် ရက်စက်ကြမ်းကြုတ်သည်ဟု ကျော်ကြားခဲ့သည်။
ထို့ပြင် ဦးမြင့်ဆွေသည် ၎င်း ရန်ကုန်တိုင်းမှူး တာဝန်ယူချိန်က ဖြစ်ပွားခဲ့သည့် ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် ရဟန်း၊ သံဃာ နှင့် ကျောင်းသား၊ လူငယ်များကို ပစ်ခတ်သတ်ဖြတ်ရာတွင် မြေပြင်အထိဆင်းပြီး ကိုယ်တိုင် ညွှန်ကြားခဲ့သူဖြစ်သည်။
၂၀၀၇၊ ရွှေဝါရောင်လှုပ်ရှားမှုတွင် ဆန္ဒပြ သံဃာနှင့် ကျောင်းသား၊ ပြည်သူများကို ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းမှာလည်း တာဝန်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၂၀၁၃ ခုနှစ်က ၎င်းကိုယ်တိုင်လည်း 7 Day သတင်းမီဒီယာကို ဖြေကြားခဲ့ဖူးသည်။ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းအတွက် သေဒဏ်ပေးလျှင်လည်း ခံနိုင်သည်ဟု ၎င်းက ဖြေဆိုခဲ့သည်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည်မှုကြောင့် စစ်ဘက်ရာထူး အဆင့်ဆင့်ကို အလွယ်တကူ ရရှိခဲ့သူ ဦးမြင့်ဆွေသည် ၂၀၁၀ ခုနှစ်တွင် စစ်ဘက်ရာထူးများမှ အနားယူခဲ့ပြီး စစ်အာဏရှင်ဟောင်း ဖော်ဆောင်ခဲ့သည့် ရွှေရည်စိမ် ဒီမိုကရေစီခေတ်တွင်လည်း အရပ်ဘက် ရာထူးအဆင့်ဆင့်ကို ရယူနိုင်ခဲ့သည်။

ဝန်ကြီးချုပ်ကာလ အဂိတလိုက်စားမှု
ထိုသို့ စစ်တပ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာရှင်၏ ညွှန်ကြားချက်များအတိုင်း မလွဲမသွေ တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်ဆွေသည် စစ်တပ်က ဦးဆောင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
စစ်တပ် စိတ်တိုင်းကျ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့ပြီးနောက် ဦးမြင့်ဆွေသည် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ထိုအချိန်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခန့်အပ်ခဲ့ပြန်သည်။
စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒုသမ္မတရာထူးအထိ ဦးမြင့်ဆွေကို ခန့်အပ်ရန် ရည်ရွယ်ထားသော်လည်း ၎င်း၏ သမီးဖြစ်သူ ဒေါ်ခင်သက်ထားဆွေမှာ ဩစတြေးလျနိုင်ငံသား ခံယူထား၍ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတ အရည်အချင်း မပြည်မီသောကြောင့် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
ထိုသို့ ခေတ်အဆက်ဆက် အမည်ဆိုးဖြင့် ကျော်ကြားခဲ့သူ ဦးမြင့်ဆွေသည် ၎င်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ် ၂၀၁၀ မှ ၂၀၁၅ ခုနှစ် ကာလများတွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ မြေယာအရှုပ်တော်ပုံ အဂတိ လိုက်စားမှုများတွင် ပါဝင်ပတ်သက်ခဲ့သည်။
၂၀၁၇ ခုနှစ်၊ ဧပြီလက ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာတွင် ရန်ကုန်တိုင်း အတွင်းရှိ ပန်းဥယျာဉ်နှင့် ကစားကွင်းငှားရမ်းခ နည်းပါးလွန်းသဖြင့် ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနစ်နာခြင်း၊ ကုမ္ပဏီများက စာချုပ်ပါ အချက် လိုက်နာမှု မရှိခြင်း၊ လုပ်ငန်းလုပ်ပိုင်ခွင့်ကို တင်ဒါ မခေါ်ယူဘဲ လက်သိပ်ထိုးပေးအပ်ခြင်း စသည့် အကြောင်းအရာများ ပေါ်ပေါက်လာခဲ့သည်။
၎င်း ရန်ကုန်တိုင်းဝန်ကြီးချုပ် တာဝန်ယူခဲ့သည့် ၂၀၁၁ ခုနှစ်က ရွှေတိဂုံဘုရားအနီး ပြည်သူ့ဥယျာဉ်အတွင်းရှိ မြေဧက ၈၀ နီးပါးကို တစ်ပေ ခြောက် ကျပ်နှုန်းဖြင့် Natural World ကုမ္ပဏီကို ၂၅ နှစ်ကြာ ငှားရမ်းခွင့်ပေးခဲ့ခြင်းမှာ ထင်ရှားသည့် အဂတိလိုက်စားမှုတစ်ခု ဖြစ်ခဲ့သည်။
၂ဝ၁၁ ခုနှစ်မှ စတင်ခဲ့သော ထိုသဘောတူညီမှုအတွက် နိုင်ငံတော်က ၁၄,၂၈၁ သန်း နှစ်စဉ် ဆုံးရှုံးနစ်နာရသည်ဟု ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာပန်းခြံအတွင်း ကုမ္ပဏီ ၈ ခု ငှားရမ်းမှုမှာ တစ်ပေ ၂၅ ကျပ်နှုန်း ဖြစ်သောကြောင့် နှစ်စဉ် ၂၁,၆၂၉ သန်း နစ်နာသည်ဟု အစီရင်ခံစာက ဆိုသည်။
ထိုသို့ ရန်ကုန်တိုင်းအတွင်းရှိ မြေယာ အရှုပ်တော်ပုံနှင့် အဂတိလိုက်စားမှုများ ပေါ်ပေါက်ခဲ့ပြီး နောက်တွင် ရန်ကုန်မြို့ပန်းခြံများရှိ မြေနေရာ၊ ဆိုင်ခန်း၊ အဆောက်အအုံ ငှားရမ်းခဲ့ပုံအကြောင်း မေးခွန်းများကို Myanmar Now က ၂၀၁၇ မေ ၃၁ရက်နေ့တွင် ဦးမြင့်ဆွေထံ စာပေးပို့ခဲ့သည်။
ထိုသို့ စာပို့မေးမြန်းရာတွင် ၎င်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဘဝတွင် ထိုသို့ ငှားရမ်းမှုများနှင့် ပတ်သက်ခဲ့ခြင်း မရှိဟု ဦးမြင့်ဆွေက တယ်လီဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်တော်တို့က ပတ်သက်တယ်ဆိုရင်တော့ ကျွန်တော်က ခေါင်းမရှောင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ်လုပ်တဲ့ဟာပဲ ကိုယ်တာဝန်ယူရမှာပေါ့။ လုပ်ရဲရင်ခံရဲရမှာပေါ့။ ကျွန်တော်တို့က စစ်သားပဲလေ။ ဘာမှမကြောက်ဘူး” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း ကာလပေါက်ဈေးနှင့် အလွန်ကွာဟနေသော ပန်းခြံငှားရမ်းခများကြောင့် နှစ်စဉ် ပြည်သူ့ဘဏ္ဍာ သန်းပေါင်းများစွာ ဆုံးရှုံးနေရခြင်းအတွက် မှတ်ချက်ပေးရန် အချိန်မတန်သေး ဟု ၎င်းက ပြောသည်။
ထို့ပြင် ဦးမြင့်ဆွေသည် ရန်ကုန်တိုင်းမှူး တာဝန်ယူထားစဉ် စစ်ဗိုလ်ချုပ်ဘဝက ကျူးလွန်ခဲ့သည့် ဆန္ဒပြပွဲများအား အကြမ်းဖက်ဖြိုခွင်းမှုများကို အရပ်ဘက်ပြောင်းပြီး ဝန်ကြီးချုပ် ဖြစ်လာချိန်တွင်လည်း ဆက်လက်ကျူးလွန်ခဲ့သူဖြစ်သည်။
၎င်းအနေဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် တာဝန်ယူထားစဉ် ၂၀၁၅ ခုနှစ်က ကျောင်းသားလူငယ်များ ဦးဆောင်သည့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးဆန္ဒပြပွဲ တစ်ခု ပေါ်ပေါက်ခဲ့သည်။
ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ထို ကျောင်းသားဆန္ဒပြပွဲကိုလည်း လက်ပတ်နီဝတ် စွမ်းအားရှင်များ အသုံးပြုပြီး ရိုက်နှက်ခဲ့သေးသည်။ ထိုသို့ရိုက်နှက်ခဲ့ခြင်းမှာ ဥပဒေနှင့် အညီဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည့် အတွက် အပြင်းအထန် ဝေဖန်ခံရခဲ့ရသူ ဖြစ်သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ
ထိုသို့ အမည်ဆိုးဖြင့် ကျော်ကြားခဲ့သူ ဦးမြင့်ဆွေသည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ရာထူးမှ အနား ယူပြီးနောက်တွင်လည်း စစ်တပ်ကတင်သည့် ဒုသမ္မတ ဖြစ်လာပြန်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဆန္ဒမဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အပြီး စစ်တပ်က ဒုသမ္မတစ်ဦးကို ရွေးကောက်တင်မြှောက်ရာတွင် သဘောထားတင်းမာသူဟု အများက ယူဆကြသည့် စစ်ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ် မတ် ၁၁ က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြု တင်မြှောက်ခဲ့ရာ NLD အစိုးရလက်ထက်တွင် ဦးမြင့်ဆွေသည် ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့သည်။
ထို့နောက် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ အခြေခံဥပဒေအရ ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ကျမ်းကျိန်ဆိုခဲ့ပြီး လွှတ်တော်မှ သမ္မတအသစ် ရွေးချယ်တင်မြှောက်သည်အထိ ဆောင်ရွက်ခဲ့သည်။
ဦးမြင့်ဆွေ ယာယီသမ္မတဖြစ်လာခဲ့ပြီးနောက် နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်ကို တင်မြောက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးမှ ဖယ်ရှားခဲ့ရာ ဦးမြင့်ဆွေသည် ယာယီသမ္မတ ဖြစ်လာခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်က စတင်ပြီး ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့သည်။ သို့သော်လည်း စစ်ကောင်စီသည် ထိုအခြေအနေကို လျှို့ဝှက်ထားခဲ့သည်။
ထို့နောက် ၂၀၂၄၊ ဇူလိုင်လ၊ ၁၈ ရက်နေ့တွင် ယာယီ သမ္မတ ဦးမြင့်ဆွေသည် ခန္ဓာကိုယ် လှုပ်ရှားမရတော့၍ ဆေးကုသမှု ခံယူနေရသည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဦးမြင့်ဆွေကို ယာယီသမ္မတ ရာထူးမှ အနားပေးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့သို့ ဦးမြင့်ဆွေကို ယာယီသမ္မတ ရာထူးမှ အနားပေးခဲ့ပြီး တစ်နှစ်အကြာတွင် ၂၀၂၅၊ ဇူလိုင်လ၊ ၃၁ တွင် စစ်ခေါင်းဆောင်း မင်းအောင်လှိုင်က ၎င်းတို့ ဖွဲ့စည်းထားသည့် စစ်ကောင်စီကို ဖျက်သိမ်းခဲ့သည်။ စစ်ကောင်စီ ကို ဖျက်သိမ်းပြီးနောက် နိုင်ငံတော် လုံခြုံရေး နှင့်အေးချမ်း သာယာရေး ကော်မရှင်ဟု အမည်ပေးထားသည့် စစ်ကော်မရှင် ဖွဲ့စည်းလိုက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ပြန်လည် ခန့်အပ်ခဲ့ပြန်သည်။
စစ်အာဏာသိမ်းပြီးနောက်တွင် ဦးမြင့်ဆွေကို နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာအပ်နှင်းရန် ဖိအားပေး ခိုင်းစေခံခဲ့ရခြင်း ဖြစ်သည်ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်များထံက သိရသည်။

“တရှောင်ရှောင်ဖြစ်နေတာ ကြာပါပြီ၊ အဓိကကတော့ သမိုင်းတရားခံအဖြစ် ထိုးကျွေးခံရတဲ့ ရုပ်သေးသမ္မတအဖြစ်ကို စိတ်နှလုံးမသာမယာနဲ့ အမြဲစိတ္တဇဖြစ်တာက စတင်ပါတယ်” ဟု စစ်ခေါင်းဆောင်များအခြေအနေကို သိရှိသူ စစ်တပ်အရာရှိကြီးဟောင်းတစ်ဦးက ဆိုသည်။
“လုပ်ရဲရင်ခံရဲရမှာပေါ့၊ ကျွန်တော်တို့က စစ်သားပဲ” ဒုသမ္မတမြင့်ဆွေ
စစ်အာဏာမသိမ်းခင်ကာလက မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော် ရန်ကုန်မှာ မြေယာငှားရမ်းမှုတွေနဲ့ပတ်သက်လို့ အလွန်ကြီးမားတဲ့ အဂတိလိုက်စားမှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာ ထွက်ပေါ်လာပြီးတဲ့နောက်မှာ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေရဲ့ အဂတိလိုက်စားမှုတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာအရဆိုရင် ဝန်ကြီးချုပ် ဦးမြင့်ဆွေလက်ထက်က မြေယာလက်သိပ်ထိုး ငှားရမ်းမှုတွေကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ နှစ်စဉ် သန်းပေါင်း ၅၇,၀၀၀ လောက် နစ်နာခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအချိန်တုန်းက ရန်ကုန်တိုင်းအတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ မြေယာအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီးတော့ တာဝန်အရှိဆုံးဟာ ရန်ကုန်တိုင်းတိုင်းမှူးဟောင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေပဲလို့ ဆိုကြပါတယ်။
ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေဟာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ယုံကြည်ရတဲ့ လက်ရင်းတပည့် တစ်ဦးဖြစ်ပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာလည်း ယာယီသမ္မတတာဝန် ထမ်းဆောင်ခဲ့သူပါ။
အသက် ၇၄ နှစ်အရွယ် ဦးမြင့်ဆွေဟာ အာရုံကြောရောဂါကို ခံစားရပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၇ရက်နေ့၊ မနက် ၈ နာရီခွဲက အမှတ်(၂) ခုတင် ၁၀၀၀ စစ်ဆေးရုံမှာ ကွယ်လွန်သွားပြီလို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။


Leave a Reply