အထက်တန်းကျောင်းသူတဦး မှတ်ပုံတင်လုပ်ရာမှာ လဝက ရုံးက ငွေကြေးအဆမတန်တောင်းတာကြောင့် စစ်တပ်ထောက်ခံသူတွေကိုယ်တိုင် အရေးယူပေးဖို့ တောင်းဆိုနေ
ပဲခူးတိုင်း၊ ပဲခူးမြို့က မြို့နယ် လဝက ရုံးမှာ အထက်တန်းကျောင်းသူတဦးဟာ သြဂုတ်လ ၄ ရက်နေ့မှာ မှတ်ပုံ သွားလုပ်ရာက ငွေးကြေးအဆမတန် တောင်းခံတာကြောင့် ပဲခူး လဝကရုံးကို အရေးယူပေးဖို့ ပဲခူးမြို့ပေါ်က စစ်တပ်ထောက်ခံသူတွေက တောင်းဆိုနေကြတယ်လို့ သိရပါတယ်။
နန်းတော်ရာရပ်ကွက်က ကျောင်းသူတဦးဟာ ပဲခူး လဝကရုံးမှာ ကျောင်းကို တမနက်ခွင့်တိုင်ပြီး မှတ်ပုံတင်သွားလုပ်ခဲ့ရာက မှတ်ပုံတင်ရုံးက အရာရှိ ရောက်မလာသေးတာကြောင့် အမြန်လိုချင်ရင် ငွေကျပ် ၆၀၀၀၀ ပေးရမယ်လို့ ရုံးစာရေးမ ဖြစ်သူက တောင်းခဲ့တာလို့ သိရပါတယ်။
အဆိုပါ ပိုက်ဆံ ၆၀၀၀၀ က ကျောင်းသူတဦးအနေနဲ့ များနေတာကြောင့် အနည်းငယ်လျော့ပေးဖို့ ပြောခဲ့ပေမယ့် စာရေးမက ” ဟင်းသီးဟင်ရွက်ရောင်းနေတာမဟုတ်ဘူး။ စျေးဆစ်ချင် စျေးထဲသွား ဒါ ရုံး ” လို့ ပြောဆိုလွှတ်တယ်လို့ သိရပါတယ်။

“ကျောင်းသူက ပိုက်ဆံများလို့ လျော့ခိုင်းတာကို ဟင်းသီးဟင်းရွက် ရောင်းနေတာ မဟုတ်ဘူး။ စျေးလာမဆစ် နဲ့ စျေးဆစ်ချင်ရင် စျေးထဲသွားဆိုပြီး ပြန်ပြောတယ်ဆိုပြီး အဲ့ကလေးမလေးက ကျောင်းက ဆရာမကို ပြန်ပြောပြတာ” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတဦးက ပြောပါတယ်။
ငွေကျပ် ၆၀၀၀၀ ပေးပြီး မကြာခင် အရာရှိဆိုသူ ရောက်လာပြီး သူလက်မှတ်ထိုးခလို့ဆိုကာ အဆိုပါအရာရှိကိုပါ ငွေကျပ် ၃၀၀၀၀ ထပ်မံပေးခဲ့ရတယ်လို့ ဆိုပါတယ်။
” ကျောင်းသူလေးက ၆၀၀၀၀ ပေးပြီးသားလို့ ပြောပြတယ်။ အဲ့ဒါကို အရာရှိလက်မှတ်ခ ၃၀၀၀၀ ပေးရတာ ထုံးစံပဲ ဆိုပြီး အဲ့လဝက အရာရှိက ထပ်တောင်းပြန်တာ ” လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေက ပန်းခင်းလမ်းစီမံချက်နဲ့ မှတ်ပုံတင်အခမဲ့ ပြုလုပ်ပေးတယ်ဆိုပြီး ဝါဒဖြန့်နေပေမယ့် အောက်ခြေမှာတော့ လက်ရှိ စစ်ကော်မရှင်ရဲ့ လက်အောက်ခံ လဝက ရုံးတိုင်းမှာ အခုလို ငွေကြေးအဆမတန် တောင်းခံမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိစစ်ကော်မရှင်ရဲ့ လက်အောက်ခံ လဝက ရုံးတွေမှာ တချို့အိမ်ထောင်စု စာရင်းမှတ်တမ်း ပျောက်ဆုံးတာတွေ ဖခင် မိခင် နာမည်လွဲမှားတာနဲ့ နိုင် (၂) နိုင် (၄) စာရင်းလွဲမှားတာ ပျောက်ပျက်တာတွေနဲ့ မှတ်ပုံတင်ပျောက်တာ၊ အိမ်ထောင်စုဇယားပျောက်တာတွေ ဖြစ်ပါကလည်း ငွေကျပ် ၁ သိန်းနဲ့ အထက် ပေးရပြီး မှတ်ပုံတင်အသစ် ပြုလုပ်ပါက နိုင် (၂) နိုင် (၄) စာရင်း ပြန်ရှာပေးခ ဆိုပြီး ကျပ် ၅၀၀၀၊ ၁၀၀၀၀ ပေးဆောင်နေရတယ်လို့ သိရပါတယ်။
စမတ်ကဒ်ပြုလုပ်ပါကလည်း မီးစက်ဆီဖိုး၊ စက်ဖိုး၊ ကွန်ပျူတာ software ဖိုး အစရှိသလို ငွေကြေးကို အကြောင်းအမျိုးမျိုးပြ တောင်းခံနေတယ်လို့ သိရပြီး စမတ်ကဒ်မရှိပါက ခရီးသွားဖို့အဆင်မပြေလို့ သာမန်ပြည်သူတွေဟာ တောင်းတဲ့စျေးနှုန်းအတိုင်း ပေးဆောင်နေရတယ်လို့ သိရပါတယ်။


Leave a Reply