စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်စီမံကိန်း တရုတ်ကုမ္ပဏီ ၁ ခုဖြစ်တဲ့ ဝမ်ပေါင် ကုမ္ပဏီကကြေးနီတွေကို စစ်ကောင်စီတပ်က ချင်းတွင်းမြစ်ကြောင်းကနေ ထပ်မံသယ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြေးနီပြားတွေကို သြဂုတ် ၄ ရက်ကစတင်ကာ ချင်းတွင်းမြစ်အနောက်ဖက် ထန်းတော ဇက်ဆိပ်ကနေတဆင့် တင်ဆောင်နေကာ သယ်ယူရာလမ်းကြောင်းဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီမှ ထန်းတော ဇက်ဆိပ်အထိကိုလည်း စစ်ကောင်စီစစ်တပ်သားနဲ့ ရဲ ၁၀၀ နီးပါးကို လုံခြုံရေးထားရှိထားတယ်လို့ ဆိုပါတယ်။
“ဖလက်တွေဆန်လာတုန်းက ၁၁ စီး၊ အခွန် ၄ စီးပါတယ်၊ အခြားဖလက်တွေကို မိုးကာနဲ့အုပ်ထားတော့ ဘာတွေတင်လာမှန်းမသိရဘူး၊ အဲ့ဒီပစ္စည်းတွေသွင်းပြီး ကြေးပြားတွေသယ်နေတာ ၃ ရက်ရှိနေပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။
ကြေးနီပြားတွေတင်တဲ့ ဖလက်ခွန်တွေဟာ သြဂုတ် ၂ ရက်က မုံရွာမြို့ကို စတင်ရောက်ရှိကာ ချင်းတွင်းတံတားအနီးမှာ ဆိုက်ကပ်ထားတာဖြစ်ပြီး ကြေးနီတွေကို ဝမ်ပေါင်ကုမ္ပဏီမှ ထန်းတောဇက်ဆိပ်အထိ ကုန်းလမ်းကသယ်ဆောင်ကာ အဲ့ဒီကတဆင့် ဖလက်ခွန်တွေဆီကို သယ်ပို့နေတာလည်းဖြစ်ပါတယ်။
ချင်းတွင်းမြစ်အထက်သို့ ဆန်တက်လာတဲ့ အဆိုပါ ဖလက် ၁၁ စီးကို သြဂုတ် ၂ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ရေပိုင်နက်တနေရာမှာ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း အဆိုပါဝမ်ပေါင်ကုမ္ပဏီက ကြေးနီတွေကို ထန်းတောဇက်ဆိပ်က တဆင့် လုံခြုံရေးအများအပြားယူကာ စစ်ကောင်စီသင်္ဘောတွေနဲ့သယ်ယူခဲ့ပါသေးတယ်။
ခုလိုရေလယ်ကြောင်းကသယ်ယူနေတာဟာ ကုမ္ပဏီအတွက် သယ်ယူစရိတ်ကုန်ကျမှုများပေမယ့် ကုန်းကြောင်းလောက်အန္တရာယ်မများဘဲ လွယ်ကူစွာသယ်ယူနိုင်တာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။








Photo – ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း


Leave a Reply